Friday, September 30, 2016

ဟစ်တလာက ဂျူးတွေကို သတ်ခဲ့သလို မူးယစ်ဆေးစွဲနေသူတွေကို သတ်ပစ်ချင်သည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော

မနီလာ၊ စက်တင်ဘာ ၃၀

မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုတွေ ပြုလုပ်နေမှုတွေကြောင့် ထောက်ခံမှုတွေရော၊ ဝေဖန်မှုတွေပါ ရရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အခုတစ်ခါမှာ သူ့ကိုယ်သူ စစ်အာဏာရှင် ဟစ်တလာနဲ့ပါ ဆက်စပ်ပြီး ပြောဆိုလိုက်ပြန်ပါပြီ။

ဂျာမနီ စစ်အာဏာရှင် ဟစ်တလာက ဂျူးတွေကို သတ်ဖြတ်ခဲ့သလိုမျိုး သူကလည်း မူးယစ်ဆေးစွဲသူတွေကို သတ်ပစ်ချင်တယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဟစ်တလာက ဂျူး ၃ သန်းကို သတ်ဖြတ်ခဲ့ပါတယ်။ အခုလည်း ဒီမှာ (ဖိလစ်ပိုင်မှာ) ၃ သန်း ရှိနေပါတယ်။ ဘာတွေလည်းဆိုတော့ မူးယစ်ဆေးစွဲနေသူတွေပါ။ ကျွန်တော် သူတို့ကို သတ်ပစ်ခွင့်ရရင် ပျော်မိမှာပါ။ အနည်းဆုံးတော့ ဂျာမနီမှာ ဟစ်တလာ ရှိခဲ့သလို ဖိလစ်ပိုင်မှာ ကျွန်တော် ရှိလာမှာပါ” လို့ ဒူတာတေးက သူ့ရဲ့ ဇာတိမြို့မှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဟစ်တလာရဲ့ ဂျူးတွေကိုသတ်ဖြတ်ခဲ့မှုကို လက်မခံနိုင်စရာ ရက်စက်ကြမ်းကြုတ်မှု အဖြစ် ကမ္ဘာတစ်ဝန်းက သတ်မှတ်ထားရာမှာ အခု ဒူတာတေးက ဟစ်တလာက ဂျူးတွေကို သတ်ဖြတ်မှုနဲ့ သူ့ရဲ့ မူးယစ်ဆေးစွဲသူတွေကို သတ်ဖြတ်လိုမှုတို့ကို ဆက်စပ်ပြောကြားခဲ့တာကြောင့် ဝေဖန်သံတွေလည်း အတော်ညံသွားခဲ့ပါတယ်။

အစ္စရေးနိုင်ငံက ဂျူးကွန်ဂရက်ရဲ့ ဥက္ကဋ္ဌက တော့ ဒူတာတေးရဲ့ စကားကို ပြစ်တင်ရှုံ့ချလိုက်ပြီး ယင်းစကားအတွက် ပြန်လည်တောင်းပန်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNN

No comments: