Friday, September 30, 2016

မူးယစ်စစ်ပွဲနှင့် လူကြမ်းသမ္မတ

သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျလာသည့် အဲရစ်ဆစ်ဆန် တစ်ယောက် မသေကောင်း မပျောက်ကောင်း အသက်ရှင်နေသည်။ အောက်ထပ်မှ ပြတင်းတံခါးနှင့် ဘောင်းဘီချိတ်မိပြီး မျက်နှာချင်းဆိုင် အိမ်ခေါင်မိုးပေါ် ကျသောကြောင့် ဖြစ်သည်။

ရဲတွေက ပြုတ်ကျလာသည့်အိမ်ရှင် မာရီယာ ဆိုသူ၏ တဲအတွင်း သေနတ်တွေကိုင်ပြီး ဝင်လာကြသည်။ သူမက -
“ချမ်းသာပေးပါရှင်၊ မပစ်ပါနဲ့၊ အဲဒီလူကို ကျွန်မတို့ မသိပါဘူး” ဟု အော်လိုက်သည်။ ရဲတွေက မာရီယာနှင့် မိသားစုကို အိမ်ထဲတွင် နေရန်ပြောလိုက်ပြီး ထွက်ပြေးသူနောက် လိုက်သွားသည်။ ပြုတ်ကျသူထံမှ တောင်းပန်သံတွေ ကြားနေရသည်။ သို့သော် မကြာမီ သေနတ်သံတွေကိုလည်း ကြားလိုက်ရသည်။

အပေါ်ထပ်မှ ပြုတ်ကျလာသည့် ဆစ်ဆန်သည် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း သမ္မတ ဒူတာတေ တစ်ယောက် တက်လာပြီးနောက် အသတ်ခံလိုက်ရသည့် လူပေါင်း ၂၅၀၀ ထဲမှ တစ်ဦး ဖြစ်သည်။ သမ္မတသစ်က မူးယစ်စစ်ပွဲ အသွင်ဆင်နွှဲနေသည့် ဖိလစ်ပိုင်နိုင်ငံအတွင်း တစ်ရက်လျှင် ပျမ်းမျှ လူပေါင်း ၃၅ ဦးခန့် သေဆုံးနေကြရသည့် သဘော ဖြစ်သည်။

ဆစ်ဆန်အမှုကို ရဲတွေက ပြန်ပြီး အစီရင်ခံသည့်အခါ ရဲအရာရှိများကို ပြန်လည်ပစ်ခတ်သဖြင့် ပစ်သတ်လိုက်ရသည်ဟူ၏။ အိမ်နီးချင်းတစ်ဦးက အိမ်ထဲမှ ဖုန်းဖြင့် ခိုးရိုက်ထားသော ဗီဒီယိုတွင် ဆစ်ဆန်က လက်နက်ချပြီး လက်မြှောက်ထားစဉ် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ရဲအရာရှိများက ဆစ်ဆန်၏အိမ်ကို ဝင်ရှာသည့်အခါ ရှာဘူးဟုခေါ်သည့် မက်သမ်ဖက်တမင်း ဆေးပြား ပလတ်စတစ်အိတ် နှစ်ထုပ်၊ ဆေးခြောက်ထုပ်များ၊ ဆေးခြောက်ပါသည့် ဖန်ပုလင်းတစ်လုံးနှင့် ပွိုင့် ၃၈ ကာလီဘာ ခြောက်လုံးပြူး သေနတ်တစ်လက် တွေ့ရှိသည့်အပြင် တရားခံသည် ပြန်လှန်ပစ်ခတ်သောကြောင့် ရဲများက ပစ်သတ်လိုက်ရသည်ဟူ၍ အစီရင်ခံထားသည်။ ဆစ်ဆန်နှင့် အတူနေသူ အမျိုးသမီးက -

“သူတို့က ကျွန်မယောက်ျားကို သေနတ်ကိုင်ထားတယ်။ မူးယစ်ဆေး သုံးတယ်လို့ ပြောကြတယ်။ ကျွန်မယောက်ျားက အဲဒီလိုလူ မဟုတ်ဘူး။ သူက အိမ်ခေါင်မိုးပေါ်က ပြုတ်ကျတော့ အင်္ကျီက ပြတင်းပေါက်နဲ့ငြိပြီး ကျန်ခဲ့တော့ အပေါ်ပိုင်းဗလာ ဖြစ်နေတာ။ တကယ်လို့ သူ့မှာ သေနတ်ပါသွားတယ် ဆိုရင်တောင် ပြုတ်ကျခဲ့မှာ။ သေနတ်ကို ရဲတွေက ကောက်သွားတာ” ဟု ပြောကြားသည်။

အလောင်းတွေ တောင်လိုပုံ

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကာလတွင် သမ္မတလောင်း ရော်ဒရီဂို ဒူတာတေ တစ်ယောက် ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းမည်ဖြစ်ကြောင်း ကတိတွေပေးကာ တက်လာခြင်း ဖြစ်သည်။ ကတိပေးထားသည့်အတိုင်း သူတက်လာပြီး ပထမသုံးလမှ ခြောက်လအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်း ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားခြင်း ကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းတော့သည်။ မူးယစ်ဆေးသမားတွေကို ပစ်သာသတ် အရေးမယူဘူးဟု ဆိုလိုက်သောကြောင့် ထိုကာလအတွင်း မနီလာပင်လယ်အော်တွင်း အလောင်းတွေ သိန်းချီကာ စုပုံနေကြောင်း ငါးဖမ်းသမားတွေက ဆိုကြသည်။

ဒူတာတေက သူမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဒါဗာအိုမြို့တော်တွင် ရွေးကောက်ပွဲ အနိုင်ရသည့်အတွက် အောင်ပွဲအနေနှင့် ပါတီပွဲတစ်ခု ကျင်းပသည်။ ထိုပွဲတွင် ဒူတာတေက မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို သတ်ဖြတ်နှိမ်နင်းရန် အရပ်သား လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းကြပါ၊ မိမိကိုယ်တိုင် အကူအညီပေးမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတသစ် အဖွင့်မိန့်ခွန်းတွင်လည်း ဒူတာတေက မူးယစ်ဆေး သုံးစွဲနေသူများကို ပစ်သတ်ရန်နှင့် မိဘများ၊ လူ့အခွင့်အရေးဆိုသည့် ကိစ္စများကို ဂရုမစိုက်ရန် ပြောကြားခဲ့သည်။ ထို့ပြင်သူက မူးယစ်ရာဇာများနှင့် ငွေကြေးထောက်ပံ့သူများကို နောက်ဆုံးအချိန် ဒူးထောက်အညံ့ခံသည်အထိ သို့မဟုတ် ထောင်ထဲပို့လျှင်ပို့ မြေအောက်သို့ ပို့နိုင်သည့် အချိန်အထိ မူးယစ်စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဥပဒေမဲ့ သတ်ဖြတ်စီရင်မှုများသည် ဖိလစ်ပိုင်နိုင်ငံတွင် သိပ်ပြီးတော့ အဆန်းမဟုတ်ဟု ဆိုရမည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာတစ်ခုတွင် အာဏာရှင် ဖာဒီနန်မားကို့စ် လက်ထက်ကလည်း သေဆုံးခဲ့ရသူပေါင်း ၃၂၄၀ ခန့် ရှိသည်ဟု ဆိုထားသည်။ ရဲတပ်ဖွဲ့၏ ၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ အစီရင်ခံစာတွင်လည်း စစ်ဆင်ရေးကာလ အတွင်း မသင်္ကာမှုဖြင့် သတ်ဖြတ်ခံရသူပေါင်း ၁,၀၂၇ ဦး ရှိသည်ဟု ဆိုထားသည်။ ဖမ်းဆီးထားသူပေါင်း ၁၅,၀၅၅ ဦးသည် လာရောက်အဖမ်းခံကြပြီး စုစုပေါင်း ထောင်ထဲထည့်ထားသူပေါင်းမှာ ၆၈၆,၀၀၀ ဦး ရှိသည်။

ဆင်းရဲသားရပ်ကွက်များ အတွင်းနှင့် မာလာဘုံမြို့ သင်္ချိုင်းတွင် လာပစ်ထားသည့် အလောင်းတွေကလည်း မနည်းဖြစ်လာသည်။ များသောအားဖြင့် မူးယစ်ဆေး ဂိုဏ်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို လာပစ်ထားကြဟန်တူသည်။ အချို့သော အလောင်းများတွင် တိပ်များဖြင့် ပတ်ထားကြောင်း တွေ့ရပြီး လည်ပင်း၌ “ကျွန်တော်ဟာ မူးယစ်ဆေးရောင်းသူ တစ်ယောက်ပါ။ ကျွန်တော့်လို မဖြစ်ပါစေနှင့်” ဆိုသည့် စာချိတ်ဆွဲထားသည်ကိုပင် တွေ့ကြရသည်။

No comments: