Sunday, August 28, 2016

MNIRF တပ်ဖွဲ့ဝင်များ သာမန် အရပ်သားအဖြစ်သာ နေထိုင်တော့မည်ဟုဆို

မော်လမြိုင်၊ သြဂုတ် ၂၈

မွန်ပြည်နယ် ရေးမြို့နယ်တွင် လွန်ခဲ့သော သုံးလဝန်းကျင်က အလင်းဝင်ခဲ့သော နိုင်လွေး (ခ) နိုင်လှသောင်း ဦးဆောင်သည့် လွပ်လပ်သော မွန်အမျိုးသား ပြန်လည် ထူထောင်ရေးတပ်ဖွဲ့ (MNIRF)မှ တပ်ဖွဲ့ဝင်များသည် သာမန် အရပ်သားအဖြစ်သာ နေထိုင် သွားတော့မည်ဖြစ်ကြောင်း ထိုတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ နိုင်လွေးက ပြောကြားသည်။

MNIRF အလင်းဝင် တပ်ဖွဲ့ဝင် မိသားစုများ နေထိုင်ရန် လိုအပ်လျက်ရှိသော မြေဧရိယာ ၁၀ ဧကကို ဇူလိုင် ၂၃ ရက်က အရှေ့တောင် တိုင်းစစ်ဌာနချုပ်ထံ တောင်းခံထားကြောင်း ၎င်းတို့က ဆိုသည်။

“ဘာစီးပွာရေးမှလည်း လိုတာ မဟုတ်ဘူး။ အဲ့ဒီအိမ်ရာ နေရာရရင် ကျေနပ်နေပြီ”ဟု နိုင်လွေးက ဆိုသည်။

မွန်သီးခြား လက်နက်ကိုင် မိသားစုများသည် လက်ရှိတွင် နေထိုင်စရာ မြေနေရာနှင့် နေအိမ်များ မရှိသေးသဖြင့် ရေးမြို့ရှိ အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၌ ယာယီ နေထိုင်နေရကြောင်း MNIRF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

နိုင်လွေး ဦးစီးသော အင်အား ၂၀ ဦး ပါဝင်သည့် မွန်သီးခြား လက်နက်ကိုင် အဖွဲ့သည် လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၂၄၃ ထောင့်၊ ကျည်ကတ် ၁၂ ကတ်၊ လက်ပစ်ဗုံး ငါးလုံး၊ လက်လုပ်မိုင်း သုံးလုံး၊ စကားပြောစက် နှစ်လုံးတို့ဖြင့် ဇွန် ၂၃ ရက်က အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်

No comments: