Monday, August 29, 2016

ဖိလစ်ပိုင် ISIS များ ထောင်ဖောက်ပြေး၊ ၂၈ ဦး လွတ်မြောက်

မနီလာ၊ သြဂုတ်၂၈

အစ္စလာမ္မစ်နိုင်ငံတော် ISIS အမှတ် တံဆိပ်များနှင့်အတူ ဖမ်းမိထားသော ဖိလစ်ပိုင် အစွန်းရောက်များသည် တောင်ပိုင်းပြည်နယ်တွင် ထောင်ဖောက်ထွက်ပြေးမှု တစ်ရပ်ကို ဝိုင်းဝန်း လုပ်ဆောင်ခဲ့ရာ ဖမ်းဆီးထားသူ ၂၈ ဦး လွတ်မြောက်သွားခဲ့ကြောင်း အရာရှိများက အတည်ပြု ထားကြောင်း AFP သတင်းဌာနက ဆိုထားသည်။

အင်အား ငါးဆယ်ခန့်ရှိသော လက်နက်ကိုင်များက မာရာဝီမြို့ဒေသခံ အချုပ်ခန်း တစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းမိထားသူ အကြမ်းဖက်သမား ရှစ်ဦးကို လာရောက် ကယ်ထုတ်သွားခဲ့သည်ဟု ရဲများက ဆိုသည်။

အခြားအမှုများဖြင့် ဖမ်းဆီးထားသူ ၂ဝ ပါ လိုက်ပါ လွတ်မြောက်သွားခဲ့သည်ဟု ပြည်နယ်ရဲမှူးကြီး သြဂတ်စတင်း တယ်လိုက ပြောကြားသည်။

လွတ်မြောက်သွားသူများ Maute ဟု အမည်ရသော ဖိလစ်ပိုင် စစ်သွေးကြွများ ဖြစ်ကြပြီး စစ်သားများက စစ်ဆေးရေး ဂိတ်တွင် ၎င်းတို့ကို ဖမ်းမိခြင်း ဖြစ်သည်။

ဗင်ကားပေါ်တွင် လက်နက်များ၊ ဗုံးများ သယ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရာမှ ဖိလစ်ပိုင် တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်သည်။

Maute သည် တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် လှုပ်ရှားနေသော မွတ်ဆလင် လက်နက်ကိုင်ဂိုဏ်း များစွာထဲမှ တစ်ဖွဲ့ဖြစ်သည်။

ဖိလစ်ပိုင်သည် ကက်သလစ် ဘာသာဝင် များပြားသော နိုင်ငံဖြစ်သော်လည်း တောင်ပိုင်းတွင်မူ မွတ်ဆလင် ပြည်သူများက လူများစုဖြစ်သည်။

လက်နက်ကိုင် အစွန်းရောက် ဂိုဏ်းများက ပြန်ပေးဆွဲခြင်းနှင့် ဗုံးဖောက်ခွဲခြင်းတို့ကို ပြုလုပ်လေ့ ရှိကာ မင်ဒါနာအိုတွင် အခြေစိုက်ထားသော စစ်တပ် အခြေစိုက် နေရာများကို တိုက်ခိုက်တတ်ကြသည်။

မကြာသေးခင်က ဖြစ်ခဲ့သော တိုက်ပွဲများအတွင်း သေဆုံး ထိခိုက်သူများရှိခဲ့ကာ ဒေသခံ သောင်းပေါင်းများစွာ စစ်ဘေး ဒုက္ခသည်များ ဖြစ်ခဲ့ပြီး ရဟတ်ယာဉ်များဖြင့်ပင် တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

အချုပ်ခန်းကို လာရောက် တိုက်ခိုက်သော သေနတ်သမားများသည် ISIS အလံများ တလူလူ လွှင့်ထားသည်။

No comments: