Tuesday, August 30, 2016

မြန်မာ- အိန္ဒိယ နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း တိုက်ဖျက်မည်ဟု ဆို



Posted: August 30, 2016

မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသော နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ပြီး အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်း အမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှု လုပ်ရပ် အားလုံးတို့ကို တိုက်ဖျက်ရန် ထပ်လောင်း ကတိပြုခဲ့ကြကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

ထို့အတူ တစ်နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နယ်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစ်နိုင်ငံက လေးစားကြောင်းနှင့် တစ်နိုင်ငံကို ရန်လိုတိုက်ခိုက်ရန် အခြားတစ်နိုင်ငံ၏ နယ်မြေကို အသုံးပြုခွင့်အား မည်သည့် သောင်းကျန်းသူ အုပ်စုကိုမျှ ခွင့်မပြုရေးမူကို ဆက်လက် ကျင့်သုံးရန်လည်း နှစ်ဖက်လုံးက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

 

နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်း လုံခြုံမှုရှိစေရေး အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အလျောက် နှစ်ဖက်လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် တစ်လျှောက် တည်ငြိမ်အေးချမ်းမှုတို့ကို ထိန်းသိမ်းရန်အတွက် ခိုင်မာသော နယ်စပ်စီမံခန့်ခွဲရေး၏ အရေးပါမှုကို နှစ်ဖက်စ လုံးက ဖော်ညွန်းဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

 

ယင်းအပြင် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ဘင်္ဂလားပင်လယ်အော် အတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း နှစ်ဖက် သဘောတူညီ ခဲ့ကြသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ တိုက်ပွဲဖြစ်ပွားမှုတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံ အစိုးရကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နယ်မြေအသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်းတို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ အချင်းချင်းတွေ့ဆုံ ဆွေးနွေးစဉ်တိုင်းတွင် အလေးအနက်ထား ပြောကြားထားသည်။ ၎င်းအပြင် မြန်မာ့တပ်မတော် အနေဖြင့်လည်း နှစ်နိုင်ငံတပ်မတော် အချင်းချင်း နယ်စပ် တပ်စခန်းအဆင့် ဆွေးနွေးပွဲများပြုလုပ်၍ တပ်မတော်အချင်းချင်း မိမိနယ်မြေအလိုက် အပြိုင်ကင်းလှည့်ခြင်း၊ သတင်းဖလှယ်၍ အထောက်အကူပြု ဆောင်ရွက်ခြင်းများလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: