Tuesday, August 30, 2016

သီရိလင်္ကာ အစိုးရ၏ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်မှုဖြင့် ဆယ်ကျော်သက်တစ်ဦး အဖမ်းခံရ

သီရိလင်္ကာ သမ္မတ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုဖြင့် ဆယ်ကျော်သက် တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

သီရိလင်္ကာလူငယ်ဟု အမည်တပ်ထားသည့် ဟက်ကာတစ်ဦး၊ သို့မဟုတ် ဟက်ကာအဖွဲ့ တစ်ခုက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် သမ္မတ မိုင်သ်ရီပါလာ ဆီရီဆန်ဆာ၏ ဝက်ဘ်ဆိုက်ကို တိုက်ခိုက် ထိန်းချုပ်ခဲ့သည်။ အကယ်၍ အဆိုပါ ထိန်းချုပ်မှုကို ပယ်ဖျက်ပေးစေလိုပါက ဧပြီလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် A-Level စာမေးပွဲများကို အချိန်ရွှေ့ပေးရန် အဆိုပါ ဟက်ကာများက တောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာမေးပွဲ အချိန်သည် ဆင်ဟာလာနှင့် တမီလ် နှစ်သစ်ကူး ပွဲတော်နှင့် တိုက်ဆိုင်နေ၍ ဖြစ်သည်။

ရဲတပ်ဖွဲ့က အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို ခြေရာခံ စုံစမ်းပြီးနောက် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းကို လတ်တလောတွင် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု ဆိုသည်။
 
သမ္မတ၏ ဝက်ဘ်ဆိုက်ကို ထိန်းချုပ်ခဲ့ရာ၌ ၎င်းဟက်ကာက “သီရိလင်္ကာရဲ့ ဝက်ဘ်ဆိုက်တွေ လုံခြုံရေးကို ဂရုမစိုက်ရင် ဆိုက်ဘာစစ်ပွဲ တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒီကိစ္စကို ခင်ဗျား မကိုင်တွယ်နိုင်ရင် နောက်ထပ် ရွေးကောက်ပွဲတစ်ခုသာ လုပ်လိုက်တော့”ဟုလည်း ရေးသားထားခဲ့သည်။ ထို့အပြင် သီရိလင်္ကာ ဝန်ကြီးချုပ်၏ တာဝန်မဲ့ လုပ်ရပ်များ ရပ်တန်းကရပ်ရန်၊ တက္ကသိုလ် ကျောင်းသားများ၏ဘဝ တိုးတက်ရေး ပိုမိုအားထုတ် လုပ်ဆောင်ပေးရန် အစရှိသည့် အချက်များကိုလည်း တောင်းဆို ရေးသားထားသည်။

ထို့နောက်ပိုင်းတွင်မူ ဝက်ဘ်ဆိုက်မှာ အွန်လိုင်းမှ ကြည့်ရှု၍ မရတော့ဘဲ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း စာတန်းသာ ပေါ်နေတော့သည်။ သို့သော် ဟက်ကာက နောက်တစ်ကြိမ် ပြန်ထိန်းချုပ်ခဲ့ပြီး ထိုတစ်ခေါက်တွင်မူ မည်သည့်စာသားများ ရေးသားမထားတော့ချေ။

သီရိလင်္ကာတွင် အစိုးရ ဝက်ဘ်ဆိုက်များ၏ ဆိုက်ဘာလုံခြုံရေး အစီအမံ အားနည်းချက်များ ရှိနေကြောင်း ယခင်ကတည်းက ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဆယ်ကျော်သက် တစ်ဦးက တိုက်ခိုက်ခြင်း ခံခဲ့ရသည် ဆိုခြင်းမှာ သိက္ခာကျစရာ ဖြစ်လာသည်။ သမ္မတ ဆီရီဆန်ဆာသည် ပြီးခဲ့သည့်နှစ်က စတင်၍ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုက်သည် တိုက်ခိုက်မှု ဖြစ်ပွားပြီး ၃ ရက်မျှအကြာ ဩဂုတ် ၂၉ ရက်တွင် ပုံမှန် ပြန်လည် လွှင့်တင်ထားသည်ကို တွေ့ရသည်။

Ref: AFP

No comments: