Tuesday, August 30, 2016

တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်နိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်ဆန်ပြီး ရေရှည် တည်တံ့နိုင်



Posted: August 30, 2016

လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်ဆန်ပြီး ရေရှည် တည်တံ့နိုင်ကြောင်း ရခိုင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်း များမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့တော်ခန်းမတွင် ရခိုင်ပြည်နယ်မှ အရပ်ဖက်လူမူအဖွဲ့အစည်း (၇၈)ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၂၃၄)ဦးသည် ပြည်ထောင်စု ငြိမ်းချမ်း ၂၁ ရာစု ပင်လုံညီလာခံ (အကြို)အဖြစ် အဖွဲ့အစည်းများအားလုံး၏ ဘုံသဘောတူညီချက်အရ သြဂုတ်(၂၈)ရက်က သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က နှစ်ပေါင်းများစွာကြာပါပြီ။ ဒါဟာ ငြိမ်းချမ်ရေး တည်ဆောက်တဲ့အခါ အားလုံးမပါဝင်လို့ ဖြစ်နေရတာပါ။ AA ၊ TNLA ၊ MNDAA စတဲ့ အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်ရေးမှာ ပါဝင်လာအောင် မြန်မာ့တပ်မတော်အနေနဲ့ သဘောထားကြီးကြီးထားပြီး ဖိတ်ခေါ်သင့်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နိုင်မှာပါ။”ဟု ၀ံလက်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

 

ရခိုင်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များတွင် အချင်းချင်းချိတ်ဆက်ပြီး ပြည်တွင်းစစ်များ ချုပ်ငြိမ်းကာ အားလုံး တန်းတူညီမျှသော၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာစေရေးအတွက် တခြားသော တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်သွားမည် ဆိုသည့် အချက်အပါအ၀င် အချက်(၆)ချက်အား သဘောတူခဲ့ကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ ရခိုင်အရပ်ဖက် အဖွဲ့အစည်းတွေ အဓိကအချက်အနေနဲ့ လာမယ့် ၂၁ ရာစု ပင်လုံမှာ ရက္ခိုင့် တပ်မတော် (AA)ကို ပါဝင်လာစေချင်တယ်။ ပြည်ထောင်စုအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေး၊ ငြိမ်ချမ်းရေး ဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့အစည်းတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်” ဟု သင်္ဂဟကမ်းလက်ရက္ခိတ အဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မျက်မှောက်ကာလ ဖော်ဆောင်နေသည့် ငြိမ်ချမ်းရေး ကြိုးပမ်းမူများကို အနှောင့်အယှက် ဖြစ်စေသော စစ်ရေးလှုပ်ရှားမူများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ မပြုလုပ်ကြရန် တောင်းဆိုခဲ့ကြပြီး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမူများကို အဟန့်အတားဖြစ်စေသော မတရား အသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန် တို့ကို တောင်းဆိုချက်များ ပါဝင်သည့် သဘောထားတစ်စောင်ကို ရခိုင်အရပ်ဖက် အဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့ကြသည်။

 

MMK

The Ladies News

No comments: