Wednesday, August 31, 2016

ဒီစကား ၁၀၀ (အောင်ဆန်းစုကြည်)

ဒီလှိုင်းဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်ရေး သားခဲ့သော ‘ဒီစကား’စာစုများကို တပေါင်းတစည်းတည်း စုစည်းထားသည့် စာအုပ်ဖြစ်သည်။ ဒီစကားကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည် စတင် ရေးသားချိန်မှ အပုဒ်ရေ ၁၀၀ အထိ ဖော်ပြထားရာ ဒီစကား ၁၀၀ ဟု အမည်ပေးထားခြင်းလည်း ဖြစ်သည်။ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်သည် ယခင် စစ်အစိုးရက ခင်းကျင်းထားသော လွှတ်တော်နိုင်ငံရေး စတင်ပေါ်ပေါက် လာချိန်လည်း ဖြစ်သည်။  ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီလှိုင်းဂျာနယ်ကို ထုတ်ဝေခွင့်ရခဲ့ရာ ထိုအချိန်ကစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုကဏ္ဍကို မအားလပ်သည့် အချိန်များကြားမှ အလျဉ်းသင့်သလို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

ယခုစာအုပ် ကနဦးမိတ်ဆက်၌ ပြည်သူများနှင့် အလှမ်းကွာဝေးနေသော ဒီမိုကရေစီ သဘောတရား များကို ရေးသားထားသည်။ ထို့နောက် ပြည်တွင်းပြည်ပခရီးစဉ်များ ကနေ၍ ၎င်းထိတွေ့ခဲ့သော အကြောင်းအရာနှင့် အဖြစ်အပျက်များကို အခြေခံပြီး ဆက်လက်ရေးသားခဲ့သည်။ ယင်းသို့ ရေးသားရာတွင် ‘အနုပညာရှင်များနဲ့ နိုင်ငံရေးအကြောင်း’၌ ‘‘ကျွန်မတို့ငယ်ငယ်က  ကချေသည်ဆိုတဲ့သီချင်း အတော်နာမည်ကြီး ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ကြည်ကြည်ဌေး သီဆိုတယ်လို့ မှတ်မိနေပါတယ်။ မေမေက ဒီသီချင်းကို သိပ်ကို သဘောကျပါတယ်။ ကချေသည်ရဲ့ ဘ၀ဟာ မေမေ့ဘ၀လိုပဲ လို့ ကျွန်မကို ရှင်းပြပါတယ်။  ရယ်ချင်လျက်နဲ့ ငိုရတာ၊ ငိုချင်လျက်နဲ့ ရယ်ရတာ၊ ချစ်ခြင်း၊ မုန်းခြင်း (ကြိုက်တာ၊ မကြိုက်တာ)တွေကို ခံစားချက်အရ မဟုတ်ဘဲ ခိုင်းစေချက်အရသာ ဖော်ပြ ရတာတွေဟာ မေမေ့ရဲ့ ဘ၀ကို သရုပ်ဆောင်ပြနေသလို ဖြစ်စေပါတယ်။
မေမေ့အတွက် ခိုင်းစေချက် ဆိုတာကတော့ တာဝန်ဝတ္တရားပါပဲ။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ ပြည်သူတွေရဲ့ ချစ်လှစွာသော သူရဲကောင်း အာဇာနည်ကြီးရဲ့ မုဆိုးမ အဖြစ်နဲ့ သိက္ခာရှိရှိ
ရပ်တည်နိုင်ဖို့ တာဝန်သိစိတ်ကို ဦးထိပ်ပန်ပြီး နေခဲ့ရတဲ့ဘ၀ကို သီချင်းတစ်ပုဒ်က ကွက်ကွက်ကွင်းကွင်း ခြယ်သပြလိုက်သလို ဖြစ်သွားပါတယ်’’ဟု မိခင်ကြီး ဒေါ်ခင်ကြည်နှင့် ပတ်သက်၍ ရေးထားပါသည်။
ကျောင်းသားလူငယ်များ နိုင်ငံရေးထဲပါသင့်၊ မပါသင့်နှင့် ပတ်သက်၍ ‘‘တချို့မိဘတွေက သားသမီးတွေ ပညာသင်ပြီးသည့် တိုင်အောင် စိုးရိမ်တကြီးနဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ မပတ်သက်ဖို့ တိုက်တွန်းကြ
ပါတယ်။ ဒီလိုလုပ်တာဟာ တစ်နည်းအားဖြင့် လူငယ်တွေကို မိမိတို့ အနာဂတ်အတွက် တာဝန်ယူချင်စိတ်၊ တာဝန်ယူရဲတဲ့ သတ္တိတွေ ဖွံ့ဖြိုးမှုကို တားဆီးရာ ရောက်ပါတယ်။ အန္တရာယ်များတဲ့ ခေတ်တွေ ကျော်ဖြတ်ခဲ့ရတဲ့ မိဘများဟာ မိမိတို့သားသမီးတွေ အေးချမ်း လုံခြုံစေချင်တာ သဘာဝကျပါ တယ်။ ဒါပေမဲ့ မလုပ်ရဲ၊ မကိုင်ရဲအောင် သွန်သင်ဆုံးမခြင်းဟာ အနာဂတ် အန္တရာယ်တွေ ပျောက်ကင်းသွားစေမှာ မဟုတ်ပါဘူး။ ချင့်ချင့်ချိန်ချိန်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို လေ့လာ၊ ကိုင်တွယ်တတ်အောင် သွန်သင်ဆုံးမခြင်း၊ လူငယ်များကိုယ်တိုင် မိမိအတွေ့အကြုံအလျောက် သင်ယူစေခြင်းအားဖြင့်သာ အနာဂတ်ကို ပိုင်ပိုင်နိုင်နိုင် ရင်ဆိုင်နိုင်စွမ်း ရှိမယ့် လူကြီးတွေဖြစ်လာ အောင် ကူညီပေးနိုင်မှာပါ။ ကျွန်မတို့နိုင်ငံမှာ အကြောက်တရားတွေ လွှမ်းမိုးခဲ့တာ ဆယ်စုနှစ်ပေါင်း များလှပါပြီ’’ဟု ရေးထားပါသည်။
ဒီစကား (၉၄) ‘ပြည်သူတွေနဲ့ ကျွန်မအကြား’တွင်  ‘‘တစ်ခါက ကျွန်မကို တပ်မတော်အရာရှိ တစ်ဦးက မိန့်ခွန်းတွေပြောတဲ့အခါ ဖေဖေလို့ ပြောမယ့်အစား တပ်မတော်သားတွေ အကြား ထင်ထင်ရှားရှား ဖြစ်သွားအောင် ဗိုလ်ချုပ်အောင်ဆန်းလို့ သုံးနှုန်းပါတဲ့။ အကြံပေးတဲ့ သူ့ရဲ့စေတနာကို နားလည်ပေမယ့် ကျွန်မ မလိုက်လျောနိုင် ဖြစ်နေရပါတယ်။ ဖေဖေဆိုတာ ကျွန်မအတွက် မေတ္တာတွေ၊ နွေးထွေးမှုတွေအပြည့်နဲ့ ငယ်ငယ်ကလေးတည်းက ကျွန်မဘ၀ကနေ ပျောက်ကွယ်သွားခဲ့ပေမယ့် မကွဲမကွာ အနားမှာရှိနေသေးသကဲ့သို့ ဖန်တီးပေးတဲ့ အသုံးအနှုန်းပါပဲ’’ဟု ဖော်ပြထားသည်။ စာအုပ်ကို စာအုပ်ဈေးစာပေက တန်ဖိုး၎,၅၀၀ ကျပ်ဖြင့် ထုတ်ဝေဖြန့်ချိပါသည်။

No comments: