Tuesday, August 30, 2016

အိန္ဒိယနိုင်ငံဈေးကွက်တွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပိုမိုထိုးဖောက်တင်ပို့နိုင်ရန် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီခဲ့

အိန္ဒိယနိုင်ငံဈေးကွက်တွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပိုမိုထိုးဖောက်တင်ပို့နိုင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း သဘောတူညီခဲ့ကြောင်း သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
 
မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ခြင်းအတွက် ဆက်သွယ် ဆောင်ရွက်နေမှုများသည် မြန်မာပဲစိုက် တောင်သူများနှင့် အိန္ဒိယ စားသုံးသူများအတွက် နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည်ဟု သဘောတူညီကြောင်း ထုတ်ပြန် ချက်တွင်ပါရှိပြီး မြန်မာပဲစိုက် တောင်သူများကို အရည်အသွေး ကောင်းမွန်သည့် ပဲများစိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် အိန္ဒိယဈေးကွက် ကို ပိုမိုထိုးဖောက်ရန် အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံသည် ပြီးခဲ့ သည့် နှစ်နှစ်အတွင်း ထုတ်လုပ်မှု ကျဆင်းခဲ့ရာမှ ယခုနှစ်အတွင်း ပဲမျိုးစုံ တင်ပို့မှု တန်ချိန် ၁ ဒသမ ၄ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။ နှစ်စဉ် တန်ချိန် တစ်သန်းကျော်တင်ပို့ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ၀န်းကျင် ရရှိနေသည်။
 
ပဲမျိုးစုံစိုက်ပျိုးမှုသည် မြန်မာ တောင်သူလယ်သမားများ အတွက် ရာသီသီးနှံစပါးပြီးလျှင် ကာလတိုတောင်းပြီး ၀င်ငွေကောင်းသဖြင့် အထူးအလေးထား စိုက်ပျိုးသော သီးနှံများ ဖြစ်သည်။ သို့သော် ပဲမျိုးစုံ စိုက်ပျိုးမှုတွင် သီးနှံ အရည်အသွေး ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေသေးသဖြင့် အိန္ဒိယ ဈေးကွက်ထက် ကျော်လွန်ပြီး တခြား
ဈေးပိုမိုရရှိနိုင်သည့် ဥရောပသမဂ္ဂနိုင်ငံများ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းချက်များ ရှိနေခဲ့သော်လည်း ထူးခြားသော အောင်မြင်မှုများ မရရှိသေးဟု ဆိုသည်။
 
ဝသန်
The Ladies News

No comments: