Monday, August 29, 2016

ဖိလစ်ပိုင် အကျဉ်းထောင်တစ်ခု စီးနင်းခံရပြီး အိုင်အက်စ်နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများ လွတ်မြောက်

ဖိလစ်ပိုင် နိုင်ငံရှိ အကျဉ်းထောင် တစ်ခုကို စီးနင်းမှု ဖြစ်ပွားပြီး အိုင်အက်စ်နှင့် ဆက်နွှယ်သည့် စစ်သွေးကြွ ၈ ဦး လွတ်မြောက်သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဩဂုတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော လာနာအိုဒယ်လ်ဆား အကျဉ်းထောင် စီးနင်းမှုသည် ကြိုတင် ကြံစည်ထားမှုတစ်ခုဟု ယူဆနေသည်။ အရှေ့အလယ်ပိုင်း ဒေသမှ နာမည်ဆိုးနှင့် ကျော်ကြားသည့် အိုင်အက်စ် တို့နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိနိုင်သော မော်တေး အစ္စလာမ်မစ် အစွန်းရောက် ဝါဒစွဲ စစ်သွေးကြွ အဖွဲ့သား ၈ ဦးကို ဖမ်းဆီးထားသည်မှာ တစ်ပတ်မျှသာ ရှိသေးပြီး ယခုအခါ ၎င်းတို့အားလုံး ပြန်လည် လွတ်မြောက် သွားခြင်း ဖြစ်သည်။
လက်နက်အင်အား တောင့်တင်းစွာ ကိုင်ဆောင်ထားသည့် လူတစ်စုသည် အကျဉ်းထောင်ကို လျင်မြန်စွာ စီးနင်းပြီး ၁၀ မိနစ်မျှအတွင်း မော်တေး အဖွဲ့သားများကို ကယ်ထုတ်သွားခြင်း ဖြစ်သည်။ မာရဝီရှိ အကျဉ်းထောင်ကို အနည်းဆုံး လူ ၂၀ မျှက ဝင်ရောက် စီးနင်းခဲ့ကြောင်း ရဲများက ဆိုသည်။
အဆိုပါ စီးနင်းမှုသည် အပြန်အလှန် ပစ်ခတ်မှု လုံးဝမရှိသလို သွေးထွက်သံယို မဖြစ်ဘဲ အထမြောက် အောင်မြင်သွားခြင်း ဖြစ်သည်။ အကျဉ်းထောင် လုံခြုံရေးများ အနေဖြင့် လက်နက်အင်အား မမျှတသဖြင့် အညံ့ခံ အလျှော့ပေးခဲ့သည်ဟု ယုံကြည်ရပြီး ယင်းအခြေအနေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
အကျဉ်းထောင် စီးနင်းမှုအတွင်း လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများ အပါအဝင် ရာဇဝတ်မှု အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသူ အခြားထောင်သား ၁၅ ဦးမျှလည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။ ၎င်းတို့ လွတ်မြောက်မှုကို ထောင်အာဏာပိုင်များက အဘယ်ကြောင့် ခွင့်ပြုခဲ့သည် ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
မော်တေးအဖွဲ့သည် အိုင်အက်စ်တို့နည်းတူ အနက်ရောင် အလံများကို အသုံးပြုပြီး ဖိလစ်ပိုင် စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်ကာ အကြမ်းဖက်မှုများလည်း ကျူးလွန်လေ့ရှိသည်။ ၎င်းတို့သည် ယခုနှစ် အစောပိုင်းက ဖိလစ်ပိုင် စစ်သား တစ်ဦးနှင့် ဒေသခံ အလုပ်သမား နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ဖူးသည်။
ယင်းအလုပ်သမား နှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးပြီးနောက် အိုင်အက်စ်တို့က ၎င်းတို့၏ အကျဉ်းသားများကို ဝတ်ဆင်ခိုင်းလေ့ရှိသည့်အတိုင်း လိမ္မော်ရောင် ဝတ်စုံများကို ဝတ်စေပြီး မော်တေးတို့ ခေါင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်တွင် အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အချို့သည် အိုင်အက်စ်နှင့် ပူးပေါင်းကြောင်း ကြေညာကာ သစ္စာခံထားသော်လည်း ဖိလစ်ပိုင် စစ်တပ်ကမူ နိုင်ငံရပ်ခြား စစ်သွေးကြွများပါ ပြည်တွင်းတွင် ပါဝင် လှုပ်ရှားနေကြောင်း အထောက်အထား မတွေ့ရဟု ကြေညာထားသည်။

No comments: