Tuesday, August 30, 2016

ရန်ကုန်မြေအောက်ရထားလမ်း စီမံကိန်း အကောင်အထည် ဖော်နိုင်မည် ဆိုပါက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်



Posted: August 30, 2016

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း စီမံကိန်းကို အကောင်ထည်ဖော်နိုင်မည်ဆိုပါက ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းလာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

 

“ကျွန်တော်တို့ ရန်ကုန်က လူနေထူထပ်တယ်၊ တိုက်တွေများလာတယ်၊ ပြီးတော့ ကားကျပ်၊ လမ်းကျပ်တာတွေ လည်းဖြစ်တယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ မြေအောက်စနစ်တွေ လိုတယ်။ ကားပါကင်ကို မြေအောက်မှာထားတာတွေ၊ မြေအောက်ရထားလမ်းကို ဖော်ဆောင်နိုင်ရင် ဖြေရှင်းနိုင်မယ်။ အစိုးရရဲ့ အထောက်အပံ့တွေတော့ လိုအပ်တယ်။ ရန်ကုန်မှာလုပ်လို့ရတဲ့ အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဗဟိုကော်မတီဝင် ဦးလှဘော်ကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ ကားလမ်းစနစ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ထိုင်း၊ စင်ကာပူမှ ပညာရှင်များဖြင့် ဆွေးနွေးပွဲတစ်ခုကိုလည်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တစ်ယောက်တည်း အမြင်က မြေအောက်ရထားလမ်း စနစ်ပါ။ ပြည်လမ်းကနေ မြို့ထဲအထိ နေရာစုံ မှာ ကားပါကင်စနစ် ပါဝင်ဖို့လုပ်နေတယ်။ ဒါကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတယ်။ ဒီစီမံကိန်းက အောင်မြင်ရင် လမ်းပိတ်တာလည်း အဆင်ပြေမယ်။ လူတွေလည်း လမ်းပေါ် အချိန်မကုန်တော့ဘူး”ဟု Seafco Myanmar ကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အေးကပြောသည်။

 

ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်နိုင်သည့် အနေအထားရှိသော်လည်း လုပ်ဆောင်ရန်အတွက် နည်းပညာပိုင်းနှင့် ငွေကြေးအခက်အခဲ ရှိနေခြင်းဖြစ်ပြီး မြေအောက်ရထားလမ်း လုပ်ဆောင်ရန် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကုန်ကျနိုင်ကြောင်း သိရသည်။

 

“သူလုပ်မယ့် စီမံကိန်းက ကောင်းတယ်။ ဒါပေမဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတွေပေါ့၊ ရထားတစ်ခုတည်းမဟုတ်ဘူး။ ကားလမ်း၊ ရေကြောင်းလမ်းတွေ ချိတ်ဆက်နိုင်ရင် ပိုကောင်းပါမယ်။ အစိုးရပံ့ပိုးမှုကတော့ လိုအပ်တာပေါ့” ဟု မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး ဦးအေးလွင်ကပြောသည်။

 

လက်ရှိရန်ကုန်တွင် မြေအောက်ရထားလမ်း ဖော်ဆောင်ပါက မြေပြိုမှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်မည်ကို စိုးရိမ်သည့် ပြည်သူများရှိနေသဖြင့် အသိပညာပေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းထံမှ သိရသည်။

 

MMK

The Ladies News

No comments: