Wednesday, August 31, 2016

ပြည်တွင်းသက်တော်စောင့် ၀င်းအောင် (ခ) ပတ္တလားအား ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် ဖမ်းဆီး


ပြည်တွင်း သက်တော်စောင့် တည်ထောင်သူ ဦးဝင်းအောင် (ခ) ပတ္တလား အား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ၂၀၁၆ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် (၂)နာရီ အချိန်ခန့်တွင် မြိတ်မြို့ ငွေပုလဲ စက်မှုဇုန် အနီးရှိ လေယာဉ်မယ် ဘန်ကလို အအေးခန်း ဧည့်ရိပ်သာတွင် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသည့် အကြောင်းရင်းမှာ ဦးဝင်းအောင် (ခ) ပတ္တလား (ဘ) ဦးလှမြင့် ၊ အသက် (၅၆)နှစ် သည် ၂၀၁၃ ခုနှစ် မတ်လ အတွင်း တနင်္သာရီ မြို့နယ် မောတောင်မြို့တွင် ပြောင်းရွေ့ နေထိုင်စဉ် အုပ်ချုပ်ရေး အဖွဲ့ အစည်းများက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို ဂရုမစိုက်ဘဲ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော ပြစ်မှုများကို ကျူးလွန်ရန် အခြားသူများအား မြှောက်ပင့်ခြင်း၊ ၄င်းကိုယ်တိုင် လည်း ကျူးလွန်ရန် အားထုတ် ကျူးလွန်ခြင်း၊ ၄င်းအား ပြည်သူများက အမြဲတစေ ကြောက်ရွံ့နေရခြင်း၊ ၄င်းသည် ပြင်ပတွင် လွတ်လပ်စွာ နေထိုင်ပါက ရပ်ရွာနေ ပြည်သူ များအား အန္တရာယ်ပြုနိုင်ခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးမှု ထိခိုက် စေနိုင်ခြင်း တို့ကြောင့် ၂၆-၂-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော တနင်္သာရီမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးဝင်းအောင် (ခ) ပတ္တလား အား ခြေချုပ်နှင့် ခံဝန် ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) အရ အမှုဖွင့် အရေးယူ ထားသဖြင့် ဖမ်းဆီးခဲ့ရကြောင်း ရဲမှတ်တမ်း အရ သိရှိရသည် ။

ပြည်တွင်းသက်တော်စောင့် တည်ထောင်သူ ဦးဝင်းအောင် (ခ) ပတ္တလားသည် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်းဟီးလီအား ဆဲဆိုသည့် အမှုဖြင့် ဆရာတော် ဦးဝီရသူအား အမှုဖွင့် တရားစွဲဆိုရန် အားထုတ်ခဲ့ဖူးသူ တစ်ဦး ဖြစ်ကြောင်းလဲ သိရသည် ။

မြိတ်ပုလဲမြေ

No comments: