Tuesday, August 30, 2016

ခေါင်းမြီးခြုံ ရေကူးဝတ်စုံ ပိတ်ပင်သည့် ဥပဒေသည် တင်းမာမှုများကို ပိုမို ဆိုးရွား စေနိုင်သည်ဟု ပြင်သစ် ပြည်ထဲရေး ဝန်ကြီး သတိပေး

ပါရီ၊ သြဂုတ် ၂၈

ပြင်သစ်နိုင်ငံတွင် ကိုယ်လုံးပြည့် ခေါင်းမြီးခြုံ ရေကူးဝတ်စုံ (burkini) ဝတ်ဆင်မှု ပိတ်ပင်သည့် ဥပဒေသည် အသိုင်းအဝိုင်းများအကြား တင်းမာမှု ပိုမို ဆိုးရွားစေနိုင်သလို အခြေခံဥပဒေနှင့် မညီဘဲ ထိရောက်မှုလည်း မရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဘားနာ့ဒ် ကာဇီနျူဗေးက သြဂုတ်လ ၂၈ ရက်နေ့က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ပြင်သစ်ကမ်းခြေမြို့ ဗီလန်နျူဗေး- လူးဗတ်၏ မြို့တော်ဝန်က ဘာကီနီ ဝတ်ဆင်မှု ပိတ်ပင်ခဲ့ခြင်းမှာ တရားမဝင်ဟု ပြင်သစ်၏ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ ခုံရုံးဖြစ်သည့် နိုင်ငံတော် ကောင်စီက သြဂုတ်လ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ပါတီများ၏ အကြို လူရွေးချယ်သည့်ကာလ စတင်ချိန်တွင် ဘာကီနီ ပိတ်ပင်ရေးမှာ နိုင်ငံရေးကိစ္စ တစ်ခု ဖြစ်လာခဲ့ပြီး လက်ယာယိမ်းနှင့် လက်ယာစွန်း ခေါင်းဆောင်  အများအပြားက မွတ်ဆလင် အမျိုးသမီးများ ဝတ်ဆင်သော ခေါင်းမြီးခြုံ ရေကူးဝတ်စုံကို ပိတ်ပင်ရန် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကော်ဇီက မြို့တော်ဝန်များကို ဘာကီနီ ပိတ်ပင်ခွင့် အာဏာပေးသည့် ဥပဒေ တစ်ရပ် ရေးဆွဲရန် တောင်းဆိုခဲ့သည်။ 

ဆာကော်ဇီသည် နိုင်ငံရေး လောကသို့ တစ်ကျော့ပြန် ဝင်ရောက်လာရန် ကြိုးပမ်းနေပြီး လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ကွန်ဆာဗေးတစ် Les Republicans များ၏ သမ္မတလောင်း အကြို ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်လည်း ဖြစ်သည်။

ကာဇီနျူဗေးကမူ ယင်းသို့သော ဥပဒေမျိုးမှာ လက်ရှိ ဆိုရှယ်လစ် အစိုးရ လက်ထက်တွင် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ဒါကို ဥပဒေပြုမှာ မဟုတ်ပါဘူး။ ဒီဥပဒေက အခြေခံဥပဒေနဲ့ မညီသလို ထိရောက်မှာ မဟုတ်တဲ့အပြင်  အမုန်းတရားတွေကို ဖန်တီးသလို ဖြစ်သွားနိုင်ပြီး ကုစား မရနိုင်တဲ့ တင်းမာမှုတွေ ဖြစ်သွားစေနိုင်တဲ့ အတွက်ပါ”ဟု ပြည်ထဲရေးဝန်ကြီး ကာဇီနျူဗေးက ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေသစ် မလိုအပ်ပါဘူး။ လက်ရှိ ဥပဒေတွေမှာ ပြင်သစ်ရဲ့ လောကီ သီးသန့် ဝါဒကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားပြီးသားပါ”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

၂ဝ၁၅ ဇန်နဝါရီလမှ စပြီး ပြင်သစ်တွင် အစ္စလာမ္မစ် စစ်သွေးကြွများ၏ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မည်သူမည်ဝါမှန်း မသဲမကွဲ ဖြစ်စေသည့် ဘာကီနီ ဝတ်ဆင်မှု ပိတ်ပင်ရေး တောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ 

၂ဝ၁၇ ဧပြီလတွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နိုင်ငံရေး ဇာတ်ရှိန် မြင့်နေချိန်၌ ပြင်သစ်၏ ယဉ်ကျေးမှု လက္ခဏာနှင့် လုံခြုံရေး ပြဿနာမှာ အဓိက ဆွေးနွေး ငြင်းခုံကြသည့် ကိစ္စ ဖြစ်နေသည်။ 

“ပြင်သစ် အနေနဲ့ ဒဏ်ရာတွေကို ကုစားပြီး ပြည်သူတွေကို ညီညွတ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ အကြို ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ကြသူတွေရဲ့ ပေါက်ကွဲမှုတွေကြောင့်  မညီမညွတ် ဖြစ်တာမျိုး မဖြစ်သင့်ပါဘူး”ဟု ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်

No comments: