Saturday, July 30, 2016

အင်းစိန်တွင် GTC ကျောင်းသားက မိဘနှစ်ပါးကို ဓားဖြင့်ထိုး ---------------------------------


အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ ရပ်ကွက် (၄) လမ်းမြောက်တွင် ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၁၉ နှစ်အရွယ် GTC ကျောင်းသားက မိဘ နှစ်ပါးကို ဓားဖြင့် ထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဓားဖြင့်ထိုးသူမှာ မှော်ဘီ GTC ကျောင်းတွင် BE (Civil) ဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောင်းမှ နေအိမ်သို့ ၎င်း၏ သူငယ်ချင်း အမျိုးသားနှင့်အတူ ပြန်လာစဉ် နေအိမ်ရှေ့ ထွက်ကြိုနေသည့် မိဘနှစ်ပါးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ် ရဲမှူးမင်းသိန်းက ပြောကြားသည်။

“အိမ်ပြန်လာမယ်လို့ သားဖြစ်သူက ဖုန်းဆက်လို့ မအေက အိမ်ရှေ့ ထွက်ကြိုနေတာ သားဖြစ်သူနဲ့အတူ လူငယ် တစ်ဦးပါလာပြီး မအေဖြစ်သူကို မပြောမဆိုနဲ့ ဓားနဲ့ ဝိုင်းထိုးတယ်။ ဖခင်ဖြစ်သူက သူတို့ နှစ်ယောက်ကို ဝင်လုံးထိုးကြိတ် ဖမ်းဆီးရာက သူပါ ဓားနဲ့ ထိုးခံရတယ်။ ပြစ်မှုကျူးလွန်သူတွေ မမိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ယင်းဓားဖြင့်ထိုးသူ နှစ်ဦးမှာ ဆေးကြောင်နေသည်ဟု ဖခင်ဖြစ်သူ၏ တရားလိုပြု အမှုဖွင့် တိုင်ကြားချက်အရ သိရှိရပြီး ဓားထိုးခံရသော အသက် ၄၄ နှစ်အရွယ် မိခင်မှာ ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ နှစ်ချက် အသက် ၅၀ အရွယ် ဖခင်ဖြစ်သူမှာ ဝမ်းဗိုက် ပြတ်ရှ ဒဏ်ရာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံ တင်ပို့ထားရကြောင်း အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


No comments: