Friday, July 29, 2016
ဖုတ်ထုတ်ခံရမည့် ဘေးမှ လွတ်မြောက်လာသည့် လူနာ နှင့် Facebook ပေါ်မှ ရိုက်ခတ်သံ
ကျန်ခဲ့တဲ့ (၁၀) ရက်ကျော်ခန့်က ကင်ဆာဝေဒနာရှင်တစ်ဦးအား ဖုတ်ဝင်သည်ဟု ပယောဂ(ဖုတ်ဆရာ)မှ စွပ်စွဲကာ ဖုတ်ထုတ် ပေးခဲ့လေသည်။ ယင်းဖုတ်ဆရာမှ အမျိုးအမည်မသိသော ဆေးတစ်ခွက်အား လူနာကိုတိုက်ကျွေးလိုက်သောအခါ လူနာခမြာ အသက်ထွက်သွားလေတော့သည်။
အခြားအခြားသော လူနာများကိုလည်း မကြားစဖူးသော နည်းလမ်းများနှင့် ကုသနေလေသည်။
သတင်းစာပြာချ၍ လူနာကို တိုက်ကျွေးခြင်းများလည်း ပါသည်။
ယခုသွားရောက်ခေါ်သော လူနာမှာ မြေတံတားကျေးရွာတွင် နေထိုင်သော အဖွားအိုဖြစ်သည်။ လူနာမှာ လေငန်းရောဂါကိုခံစားနေရသည်မှာ (၄) နှစ်ခန့်ရှိလေပြီ။ မိသားစုမှလည်း အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး၊ ဆေးမြီးတို/ရှည် တို့ဖြင့် ကုသခြင်းများ ပြုလုပ်ခဲ့သည်။ (စွဲစွဲမြဲမြဲတော့ ဟုတ်ဟန်မတူ)
ယင်းကဲ့သို့ရောဂါများ ကုသသည်ဟု နာမည်ကြီးသော ဘုန်းကြီး၊ ဘိုးတော်၊ ဓါတ်ဆရာ၊ နတ်ဆရာများလည်း စုံပြီဟု လူနာရှင်ပြောသည်။
 ထိုအချိန်တွင် လူနာရှင်က ဖုတ်ဝင်သည်ကု ပယောဂဆရာနဲ့တွေ့လေတော့သည်။ ယခုလူနာမှာ သာမန်ရောဂါနှင့်မတူပဲ ဖုတ်ဝင်သည့် လက္ခဏာရှိကြောင်း လူနာ၏မိသားစုကို ပြောကြားလေသည်။ လူနာ၏ မိသားစုမှာလည်း ကြောက်လန့်ကာ ဖုတ်ဆရာအား လူနာကို ကုသပေးရန် ပြောကြားလေသည်။ ယင်းမိသားစုဝင်တစ်ဦးမှာလည်း ဖုတ်ဝင်သည့် လူနာတစ်ဦးရှိဖူးသည်ဟုသိရသည်။
အဆိုပါ ဖုတ်ဆရာက လူနာကို လောလောဆယ် ဖုတ်ထုတ်ရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။
ကျန်ခဲ့တဲ့ (၁၀)ရက် ကျော်က ဖုတ်ဝင်သည်(သယ်)လူနာတစ်ဦးအား ဖုတ်ထုတ်(လူနာသေဆုံး) ထားသဖြင့်ရွာတွေရဲ့ထုံးတမ်းအစဉ်အလာအရ တစ်ရွာတည်း တစ်လအတွင်း လူနှစ်ယောက်သေလျှင် ရွာအတွက် အတိတ်နမိတ်မကောင်းသဖြင့် ယခုအဖွားအိုအား ရှေ့လအတွင်းတွင်မှ ဖုတ်ထုတ်ပေးမည်ဟုဆိုကာ ရွာပြန်သွားလေသည်။
ကံအားလျော်စွာ လူနာအဖွားအို၏ အသက်အား စိုးရိမ်သောသူများမှ ကျွန်တော်တို့အသင်းကို ဆက်သွယ်လာတာကြောင့် လူနာနေထိုင်ရာ မြေတံတားကျေးရွာသို့ ကျွန်တော်တို့အသင်းသားများ သွားရောက်ခဲ့ပါသည်။ လူနာအဖွားအိုအား ကြည့်ရှုမေးမြန်းခဲ့ပြီး လူနာမိသားစုဖြင့် တိုင်ပင်ကာ မြောင်းမြဆေးရုံသို့ ခေါ်ယူ ကုသပေးခဲ့ပါသည်။
လူနာမိသားစုပြောပြရာမှာ သူတို့မိသားစုအတွင်း ဖုတ်ဝင်သည့် လူနာတစ်ဦးရှိဖူးကြောင်း ဖုတ်ဆရာမှ ကျောအောက်တွင် စာရွက်ခင်းကာ သတင်းစာကိုပြာချ၍ ရေနှင့်ရောတိုက်မှ လူနာမှာ အသက်လည်းထွက် ဖုတ်လည်း ထွက်သွားကြောင်း ပြောပြပါသည်။
ယင်းကဲ့သို့ဖုတ်ဝင်သည့်လူနာများ ရွာနီးစပ်ချုပ်တွင် အများအပြားရှိခဲ့ကြောင်း၊ ယခုလည်း ဖုတ်ဝင်လူနာများရှိသေးကြောင်း ကြုံရာပယောဂများဖြင့် ကုသနေကြောင်း ပြောပြလေသည်။
"အသက်ပဲ ၆၈နှစ်ရှိပြီ။ xxxxxမယားနဲ့။ ဟိုဘယ်ကမှန်းမသိတဲ့##*¿$£€တွေရဲ့စကားကိုယုံပြီး သေခါနီးမှဆေးရုံထတက်ရတယ်လို့ကွာ။ ငါသဘောမတူဘူး။ ငါ့အမေကို ဘယ်သူမှဘယ်မှမခေါ်ရဘူး"သားအကြီးကောင်ဆိုသူရဲ့ ဆဲဆိုသံများကို ကျောခိုင်းရင်း လူနာအဖွားအိုကို လူနာတင်ကားရှိရာ သယ်ဆောင်လာတုန်း လူနာအဖွားအိုကိုမေးလိုက်တယ်။
"အမေကြီး တကယ်ဆေးရုံတက်ချင်တာလား"
"တက်ချင်တာပေါ့တော့"
ကျွန်တော်တို့အားလုံး တပြိုင်နက်ပြုံးလိုက်မိရင်း---
၂၄.၇.၂၀၁၆
ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့
No comments: