Sunday, July 31, 2016

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသွားမည်

(Credit: MOI)
(Credit: MOI)
နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာလည်ဖို့ အစီအစဉ်ရှိကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး V.K. Singh ကို ပြောကြားခဲ့ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။
လာအို့စ်နိုင်ငံ၊ Vientiane မြို့မှာ ကျင်းပတဲ့ ၂၃ ကြိမ်မြောက် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲပြင်ပမှာ သီးခြားတွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာဖြစ်ပြီး အဲဒီ တွေ့ဆုံမှုအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီနိုင်ငံမယ့် ကဏ္ဍအသီးသီးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရဟာ အိန္ဒိယနိုင်ငံက လက်ရှိဆောင်ရွက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာနဲ့ လမ်းဖောက်တဲ့နေရာမှာ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုတဲ့ နည်းပညာတွေကို စိတ်ဝင်စားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အဆောက်အဦးတွေ အားကောင်းလာရေး၊ အထူးသဖြင့် ဖက်ဒရယ်ဝါဒ၊ ဗဟိုနဲ့ ဒေသန္တရအစိုးရတွေရဲ့ ဆက်ဆံရေး၊ အာဏာခွဲဝေ သုံးစွဲရေး၊ သယံဇာတတွေကို ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ ဘယ်လို မျှဝေသုံးစွဲတဲ့ပုံစံ စတာတွေကို မြန်မာ လွှတ်တော်ကိုယ်စားလှယ်တွေကို သင်တန်းပို့ချပေးလိုကြောင်း ၀န်ကြီး Singh က အသိပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းနဲ့ ကာလကတ္တားဆိပ်ကမ်းအကြား ဆက်သွယ်ပေးမယ့် ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းတည်ဆောက်ရေး စီမံကိန်းတွေကို မြန်မာအစိုးရက ထောက်ခံကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

No comments: