Sunday, July 31, 2016

စွဲချက်မလို သက်သေမရှိ ဥပဒေရဲ့ အထက်မှ သတ်ဖြတ်မှုများနှင့် ဒူတာတေး၏ ဖိလစ်ပိုင် -----------------

မူးယစ်ဆေးရာဇ၀တ်ကောင်များအား သုတ်သင်ရှင်းလင်းမည်ဟု ကတိပြုကြွေးကြော်ကာ မဲဆွယ်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် သမ္မတဖြစ်လာချိန်တွင် မူးယစ်ဆေးဝါး ဖြန့်ဝေရောင်းချသူများနှင့် သုံးစွဲသူများအား တွေ့သည့်နေရာတွင် သုတ်သင်ရန် တာဝန်ရှိသူများနှင့် ပြည်သူများကို သမ္မတက ပြောကြားခဲ့ပြီးနောက် ထိုသို့ သုတ်သင်ခံရသူ ၃၀၀ နီးပါးရှိပြီဖြစ်သည်။

သို့သော် ပျောက်ဆုံးကြောင်း တိုင်ကြားခံရခြင်းမရှိ၊ မည်သူမည်ဝါဟု အတည်ပြုခံရခြင်း မရှိသည့် သေဆုံးသူများရှိနေပြီး တရားဝင်စာရင်းထက် များစွာပိုမိုနိုင်သည်ဟု ဆိုသည်။ သမ္မတ ဒူတာတေး၏ ထိတ်လန့်တုန်လှုပ်ဖွယ် မူးယစ်ဆေးနှိမ်နင်းရေးလုပ်ငန်း၏ အကျိုးဆက်ရလဒ်များကို ဓာတ်ပုံဆရာ ဒွန်ဒီတာဝါတောင်က မှတ်တမ်းတင်ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ စာရင်းအရ ဇူလိုင် ၁ မှ ၂၄ အတွင်း ရဲတပ်ဖွဲ့စစ်ဆင်ရေးများတွင် မူးယစ်ဆေးရောင်းချသူနှင့် သုံးစွဲသူ ၂၉၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုစာရင်းတွင် လမ်းများပေါ်၌ သာမန်လူထု၏ သုတ်သင်ခြင်းခံရသော သေဆုံးသူ အများအပြားပါဝင်ခြင်းမရှိဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဆိုသည်။

မူးယစ်ဆေးရောင်းချသူနှင့် သုံးစွဲသူများအား သုတ်သင်သတ်ဖြတ်ပြီးနောက် ယင်းတို့အပြစ်ဝန်ခံထားသည်ဟု ယူဆရသော လက်မှတ်ထိုးထားသည့် ကတ်ထူစက္ကူနှင့်အတူ လမ်းဘေးတွင် ပစ်ထားသည်ကို တွေ့ရှိကြောင်း မကြာခဏ သတင်းပို့မှုများရှိနေသည်။ သမ္မတ ဒူတာတေးကမူ အခြေအနေမှာ သူစီစဉ်ထားသည့်အတိုင်းသာ ရှိနေသည်ဟု မှတ်ယူထားကာ စိုးရိမ်မှုမရှိဟု ဆိုသည်။

သမ္မတက ရဲတပ်ဖွဲ့အား “ခင်ဗျားတို့ရဲ့ အားထုတ်မှုကို ၂ ဆ၊ လိုအပ်ရင် ၃ ဆမြှင့်တင်ပါ။ နောက်ဆုံးကျန်တဲ့ မူးယစ်ရာဇ၀တ်ကောင်ကို သံတိုင်တွေနောက်ဖြစ်ဖြစ် မြေကြီးအောက်ဖြစ်ဖြစ် ပို့ပြီးတဲ့အထိ ဆက်လက်ဆောင်ရွက်မှာပါ”ဟု ပြောကြားခဲ့သည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် သမ္မတ ဒူတာတေးသည် ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ယင်းသမ္မတအဖြစ် ရွေးချယ်ခံရပါက ၆ လအတွင်း ရာဇ၀တ်သား ၁၀၀,၀၀၀ ကျော် သုတ်သင်ကာ ယင်းတို့၏ အလောင်းများဖြင့် မနီလာပင်လယ်အော်ကို ဖို့ပစ်မည်ဟု ပြောကြားခဲ့သည်။ ဒူတာတေး အာဏာရလာပြီးနောက် ရာဝတ်ကောင်များဟု သံသယရှိခံရသူများအား ရဲတပ်ဖွဲ့နှင့် လူထုက သုတ်သင်ခြင်းများ နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သည်။

သမ္မတက ပြီးခဲ့သည့်လအတွင်း လူထုအား မိန့်ခွန်းပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးနွံနစ်နေပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူများအနေဖြင့် မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူဟု သံသယရှိသူများအား ကိုယ်တိုင်ပစ်သတ်ရန် နှိုးဆော်ခဲ့သည်။ ထို့အပြင် မူးယစ်ရာဇ၀တ်ကောင်များအား သုတ်သင်သူများကို ဆုငွေအများအပြား ချီးမြှင့်သွားမည်ဟု သမ္မတက ကတိပြုခဲ့ပြီး သုတ်သင်ခံရသူ၏ အဆင့်အပေါ် မူတည်၍ ဆုကြေးတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုသို့ သုတ်သင်မှုများအတွက် ဆုကြေးအဖြစ် မူးယစ်ရာဇာတစ်ဦးလျှင် ပီဆို ၃ သန်း (ဒေါ်လာ ၄၂၅၀၀ ခန့်)၊ မူးယစ်ရာဇ၀တ်ဂိုဏ်းဝင်တစ်ဦးလျှင် ပီဆို ၁ သန်း (ဒေါ်လာ ၂၁၂၀၀ ကျော်) နှင့် လက်လီရောင်းချသူတစ်ဦးလျှင် ပီဆို ၅ သိန်း (ဒေါ်လာ ၁၀၀၀၀ ကျော်) သတ်မှတ်ထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီးရာအဒ်ဇတ်အယ်လ်ဟူစိန်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား အဆိုပါ လူအများအပြားသေဆုံးစေသည့် နှိမ်နင်းမှုကို ရပ်တန့်ပေးရန် တောင်းဆိုထားသည်။ သေဆုံးသူအများအပြားမှာ မူးယစ်ဆေးရောင်းချမှုတွင် ပါဝင်ကြောင်း သက်သေအထောက်အထားမရှိဟု မနီလာမြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ပက်ဘလိုက ပြောကြားသည်။

“သူတို့အလောင်းပေါ်မှာ ချန်ထားတဲ့ ကတ်ထူစက္ကူကလွဲပြီး သူတို့အပြစ်ရှိကြောင်း ဘယ်သူမှမပြောနိုင်ပါဘူး။ မကောင်းမှုတွေကို ဒီလိုကောင်းမှုနဲ့ ကုစားပြင်ဆင်လို့ ရနိုင်ပါ့မလားဟု” ဘုန်းတော်ကြီးပက်ဘလိုက မေးခွန်းထုတ်ခဲ့သည်။

KHTun

The Ladies News

No comments: