Friday, July 29, 2016

ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်တွင် အလုပ်ထုတ်ခံရပြီး ညတွင်းချင်းမောင်းထုတ်ခံခဲ့ ရသော မြန်မာအလုပ်သမားများက အလုပ်ရှင်ကို တိုင်ချက်ဖွင့် ----- ----- -----

ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်တွင် မြန်မာအလုပ်သမား နှစ်ဆယ်ဦးကို ဇူလိုင်
၂၇ ရက်ညပိုင်းက အလုပ်ထုတ်ပြီး ညတွင်းချင်း မောင်းထုတ်ခဲ့သော ထိုင်းလုပ်ငန်းရှင်ကို မြန်မာအလုပ်သမားများက ဇူလိုင် ၂၈ ရက်၊ နံနက်ပိုင်း
က ဖန်ငခရိုင် အလုပ်သမားရုံးတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့ထံမှ သိရှိရသည်။

“အခုလောလောဆယ်တော့ ဖန်ငခရိုင်အလုပ်သမားရုံးမှာ ထိုင်းအလုပ်ရှင်
ကို တိုင်ချက်ဖွင့်ထားပါပြီ။ အဓိကက တော့ ထိုင်းဥပေဒေအတိုင်း ချိုးဖောက်တယ်ဆိုရင်တော့ ထိုင်းလုပ်ငန်းရှင်အပြစ်ပေးခံရမှာပါ”ဟု FED အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ထိုင်းနိုင်ငံဖန်ငခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နှစ်နိုင်ငံ
နားလည်မှုစာချွန်လွှာ(MOU)ဖြင့် လာ ရောက်အလုပ်လုပ်လျက်ရှိသည့် အလုပ်သမားများကို မောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး မောင်းထုတ်ခံရသူများကို
FED အဖွဲ့မှ သွားရောက်ခေါ်ယူခဲ့ကာ လုံခြုံသောနေရာတစ်ခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“လုပ်အားခနည်းတာရယ်၊ အချိန်ပိုခိုင်းစေတာရယ်၊ ခေါ်တုန်းကအတိုင်း မဟုတ်ဘဲ အခြားနေရာတွေမှာ ခိုင်း နေတာရယ်၊ အလုပ်မဆင်းဘဲနဲ့ ဆန္ဒပြနေတဲ့အတွက် အလုပ်ရှင်က အလုပ်ထုတ်တယ်။ အလုပ်ထုတ်ပြီး
တော့ ညတွင်းချင်းမောင်းထုတ်ခဲ့တယ်။ အဲဒီအတွက် တိုင်ချက်ဖွင့်ခဲ့တာပါ”ဟု ဦးထူးချစ်ကပြောသည်။

ဖန်ငခရိုင်အလုပ်သမားရုံး၌ အလုပ်သမားများ၊ ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းနိုင်ငံသို့ ပို့ ဆောင်ပေးခဲ့သော အလုပ် သမားအေးဂျင့်နှင့် FED အဖွဲ့မှတာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်တွင် သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအလုပ်သမားအေးဂျင့်ကုမ္ပဏီဘက်မှ ချက်ချင်းလိုက်လာကာ ကူညီပေးနေ သော်လည်း ထိုင်းနိုင်ငံရှိမြန်မာသံရုံးမှ တာဝန်ရှိသူများမှာ ဇူလိုင် ၂၈ ရက်အထိ လာရောက်ကူညီပေးခြင်း မရှိ သေးဘဲ ဖုန်းဖြင့်သာဆက်သွယ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်းထုတ်ခံခဲ့ရသောအလုပ်သမားများအတွက် နေရေး ထိုင်ရေး၊ စားရေးသောက်ရေးအတွက် FED အဖွဲ့က ကူညီပေးနေပြီး အဆိုပါမြန်မာအလုပ်သမားနှစ်ဆယ်ဦးမှာ ပခုက္ကူမြို့နှင့် ရမည်းသင်းမြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ
(MOU)ဖြင့် လာရောက်ခဲ့သော်လည်း စာချုပ်ပါ အချက်အလက်များကို ထိုင်းအလုပ်ရှင်ဘက်မှ ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော ကိစ္စများသည် မြန်မာ သံရုံးတွင်တာဝန်ရှိပြီး ကူညီဖြေရှင်းပေးရမည်ဖြစ်ကာ မြန်မာ အလုပ်သမားများအနေ ဖြင့် မြန်မာသံရုံးကို ဆက်သွယ်ရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံသို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

MMK
Photo – Zaw Min Oo FB
The Ladies News

No comments: