Friday, July 29, 2016

"ဝ" နှင့် မိုင်းလားနှစ်ဖွဲ့လုံး ၂၁ ရာစုပင်လုံကိုထောက်ခံ၊ ပါဝင်နိုင်ရေးဆက်လက်ညှိနှိုင်းမည်"



‘ဝ’ နှင့် မိုင်းလား နှစ်ဖွဲ့စလုံးက ၂၁ ရာစုပင်လုံညီလာခံကိုထောက်ခံခဲ့ပြီး ပါဝင်နိုင်ရန်ဆက်လက် ညှိနှိုင်းမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့အကြား ဇူလိုင် ၂၉ ရက်တွေ့ဆုံပွဲအပြီးတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ချုပ် ဦးဇော်ဌေးက သတင်းထောက်များကို ဖြေကြားသည်။
“နှစ်ဖွဲ့စလုံးက ၂၁ရာစုပင်လုံကို ပါဝင်ဖို့ထောက်ခံတယ်၊ ထောက်ခံတဲ့အတွက် ပါဝင်ဖို့လည်း ကြိုးစားမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ဆက်ပြီးတော့ညှိနှိုင်းရမယ့်ဟာတွေရှိတယ်။ အဲဒါက ဒီဘက်မှာ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လက်မှတ်ထိုးပြီးသားအဖွဲ့တွေ NCA နဲ့သွားနေတဲ့ လမ်းကြောင်းတွေ ဒီမှာဖြစ်နေတဲ့လမ်းကြောင်း၊ ဒီအပေါ်မှာ ထပ်ပြီးတော့ အသေးစိတ်ကို ထပ်ညှိရဦးမယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ထို့အတွက် ဒေါက်တာတင်မျိုးဝင်းဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) သည် ဇူလိုင် ၃၀ရက်တွင် နေပြည်တော်၌ ဆက်လက်ဆွေးနွေးကြမည်ဖြစ်ပြီး မိုင်းလား - အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)အဖွဲ့နှင့် သြဂုတ်လ (၁)ရက်တွင် ရန်ကုန်မြို့၌ဆွေးနွေးကြမည်ဖြစ်သည်။
ထိုသီးသန့်ဆွေးနွေးပွဲများတွင်မှ ၂၁ရာစုပင်လုံညီလာခံတွင် မည်ကဲ့သို့ ပါဝင်နိုင်မည်ဆိုသည့်အပေါ် ညှိနှိုင်းအဖြေရှာနိုင်ကြမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက်အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည့် ‘ဝ’ ၊ ၎င်း၏မဟာမိတ် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့၏ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်တွင် နှစ်နာရီကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။
ဓာတ်ပုံ- ဖိုးအောင်

No comments: