Saturday, July 30, 2016

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် “၀”အထူးဒေသ-၂ ၊ မိုင်းလားအထူးဒေသ-၄ မှ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံ --- --- --- --- --- ---


“၀”အထူးဒေသ-၂ ၊ မိုင်းလားအထူးဒေသ-၄ မှ တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၃၀ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ USDP ပါတီ ဌာနချုပ်ရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က တိုင်းရင်းသားညီအစ်ကိုများကို ယခုလိုတွေ့ဆုံရသည့်အတွက် များစွာ ၀မ်းမြောက်ရကြောင်း၊ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်က တိုင်းရင်းသားဒေသများကို ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် အတွက်လည်း တိုင်းရင်းသားဒေသများကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ပါတီသည် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း USDP ပါတီက ထုတ်ပြန်သည်။
တိုင်းရင်းသားခေါင်းဆောင်များကလည်း ပါတီဥက္ကဋ္ဌသည် နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်က ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပံ့ပိုးကူညီခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားများ၊ ၄င်းတို့ တိုင်းရင်းသား ခေါင်းဆောင်များက အထူးကျေးဇူးတင်နေရကြောင်း၊ ဒေသဖံွံ့ဖြိုးရေးလုပ်ငန်းများသည် ယခင်ကနှင့်မတူ တိုးတက်လာခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာခြင်း၊ ရေအားလျှပ်စစ်များ ရရှိလာခြင်းတို့သည် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် နိုင်ငံတော်တာဝန်ယူစဉ်အချိန်က ပံ့ပိုးကူညီမှုများကြောင့် ဖြစ်ကြောင်း၊ မိုင်းလား အထူးဒေသ-၄ ဆိုပါက ပြီးခဲ့သော ၃၀.၆.၂၀၁၆ ရက်နေ့က မိုင်းမ ရေအားလျှပ်စစ် စက်ရုံကို ဖွင့်လှစ်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်နေမှုများကို ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အဖွဲ့ လာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ကြောင်း၊ နိုင်ငံတော်အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် အရောက်တင်ပေးနိုင်ခဲ့သော ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ၄င်းတို့ တိုင်းရင်းသားများ၏ ခေါင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီသည် နိုင်ငံအတွက် အရေးကြီးသော ပါတီကြီးတစ်ခုဖြစ်ပြီး ယခင်ကအတိုင်း ၄င်းတို့ တိုင်းရင်းသားခေါင်းဆောင်များက လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုတွင်  “၀” အထူးဒေသ-၂ ဦးပေါက်ယူယီ ဦးဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်များ၊ မိုင်းလားအထူးဒေသ-၄ မှ ဦးစိုင်းလင်းဦးဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်များ စုစုပေါင်းအင်အား ရှစ်ဆယ်ဦးခန့်သည် USDP ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအကြံပေး ဦးသိန်းဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် သူရဦးမြင့်မောင်နှင့် ဗဟိုအတွင်းရေးမှူးအဖွဲ့များ ပါဝင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
ဇော်မင်းထွန်း
The Ladies News


No comments: