Saturday, July 30, 2016

တောင်တရုတ်ပင်လယ် ကိစ္စနှင့် ဆက်နွှယ်ပြီး ဗီယက်နမ် လေဆိပ်နှစ်ခုကို ဟက်ကာများတိုက်ခိုက်

ဗီယက်နမ်၏ အကြီးဆုံး လေဆိပ်နှစ်ခုမှ ပြန်ကြားရေး စနစ်ကို ဟက်ကာများက ထိုးဖောက် တိုက်ခိုက်ပြီး တောင်တရုတ်ပင်လယ် အရေးတွက် ဗီယက်နမ်၏ အခန်းကဏ္ဍကို ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။
ဗီယက်နမ်သည် တောင်တရုတ်ပင်လယ် ရေပိုင်နက် သတ်မှတ်ချက်အတွက် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနှင့် အငြင်းအခုံများ ဖြစ်နေသည်။ ဇူလိုင် ၂၉ ရက်က ဟနွိုင်းနှင့် ဟိုချီမင်းစီးတီး မြို့ကြီးများမှ နိုင်ငံတကာ လေဆိပ်များတွင် စိုက်ထူထားသော Billboardများ၌ ပုံမှန် ဖော်ပြချက်များ ပျောက်ကွယ်သွားပြီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကို ဆန့်ကျင်သော ဆောင်ပုဒ်များ၊ စာသားများ ပေါ်လာသည်။ ဖိလစ်ပိုင်သည်လည်း တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်နှင့် အားပြိုင်နေရသည့် နိုင်ငံတစ်ခုဖြစ်သည်။
ဗီယက်နမ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ယခုဖြစ်ရပ်သည် တရုတ်ဟက်ကာများ၏ လက်ချက်ကြောင့်ဟု တပ်အပ်စွပ်စွဲခဲ့သည်။ ဗီယက်နမ် လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်သည်လည်း ကာလတိုမျှ ဟက်ကာများ၏ ထိန်းချုပ်မှုကို ခံခဲ့ရသေးသည်။
လေဆိပ်များ၏ ပြန်ကြားရေးစနစ် ထိုးဖောက်ခံရသည့်နောက် လေဆိပ် ဝန်ထမ်းများသည် ကွန်ပျူတာများကို အားမကိုးတော့ဘဲ နာရီပေါင်း အတန်ကြာမျှ ခရီးသည်များကို တစ်ဦးချင်း စစ်ဆေးကာ ဝန်ဆောင်မှု ပေးခဲ့ကြောင်း ဗီယက်နမ် မီဒီယာများက ဖော်ပြခဲ့သည်။
တရုတ်သည် ၂၀၁၂ မှစ၍ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ၎င်းတို့ ပိုင်နက်အဖြစ် သွတ်သွင်းထားသည့် Nine-Dash Lineခေါ် ရေကြောင်း နယ်နိမိတ် သတ်မှတ်ချက်ကို အဆိုပြုခဲ့သည့်နောက် ဒေသတွင်း နိုင်ငံများနှင့် အခြေအတင် အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Ref: Washington Times

No comments: