Tuesday, June 28, 2016

NLD ဗဟိုကော်မတီက ရွေးချယ်လိုက်သည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းအဆင့်ပုဂ္ဂိုလ်အချို့ အောက်ခြေလွတ်နေဟု ဦးဝင်းထိန်ပြော

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးချယ်လိုက်သည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းအဆင့် ပုဂ္ဂိုလ်အချို့ အောက်ခြေလွတ်နေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ဇွန် ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဦးဝင်းထိန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်စုခေါင်းဆောင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ထဲကနေပြီးတော့ ရွေးချယ်သတ်မှတ်ပေးထားတဲ့ပုဂ္ဂိုလ်တွေ ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့် ပုဂ္ဂိုလ်တွေ … အဲဒီပုဂ္ဂိုလ်တွေလည်း တော်တော်များများ အောက်ခြေလွတ်တယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ၂၀၁၅ ရွေးကောက်ပွဲကာလနီးမှ NLD ပါတီထဲဝင်ရောက်ခဲ့သူအချို့သည် NLD ၏ သမိုင်းကြောင်းကို မသိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“၁၉၈၈ ကနေ ၂၈ နှစ်လောက်ရုန်းကန်ပြီး ဒီဘဝရောက်လာတာ၊ အခုတိုင်းပြည်ကိုတာဝန်ယူရတဲ့အခါကျတော့ အဖွဲ့ချုပ်ထဲမှာ တောက်လျှောက်ပါခဲ့တဲ့လူတော်တော်များများက ဘယ်လိုအချိန်မှာ ဘယ်လိုပြောရမယ် ဆောင်ရွက်ရမယ်ဆိုတာ နားလည်တယ်။ သို့သော်လည်း ကြားဖြတ်ကာလမှာဝင်လာတဲ့သူတချို့နဲ့ ၂၀၁၅ ပြီးမှပါလာတဲ့ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမိုင်းကြောင်းကို မသိဘူး။ ဒေါ်စုဆိုရင် ၁၅ နှစ် အထိန်းသိမ်းခံရ၊ နာယကကြီး ဦးတင်ဦး၊ ဦးဥာဏ်ဝင်းတို့၊ ဒေါ်မေဝင်းမြင့်တို့၊ ကိုဖြိုးမင်းသိန်းတို့ ကျွန်တော်တို့တတွေ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာ သူတို့ခေါင်းထဲမှာ သိပ်မရှိဘူး။ ထောင်ထဲမှာ တော်တော်ရုန်းကန်ခဲ့ရတယ်ဆိုတာ သူတို့မသိကြဘူး။ မသိကြတော့ လုပ်ချင်တာတွေများပြီးတော့ မလုပ်သင့်တဲ့အခါမှာ သူတို့အလုပ်ပိုတာပေါ့။ ဒါမျိုးတွေ ဆင်ခြင်ကြပါ"ဟု ၎င်းက ပြောသည်။

ယခုနှစ် ဧပြီလအတွင်းက ပါတီနှင့်လွှတ်တော်၏ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ‘၀’ဒေသသို့ သွားရောက်၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့သူ NLD ပါတီဝင် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးကို အဆိုပါကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ကြာင်းနှင့် ပါတီ၏အရေးကြီးတာဝန်များကို ၁ နှစ်တိတိ ထမ်းဆောင်ခွင့်ပိတ်ပင်ကြောင်း NLD က ကြေညာခဲ့သည်။

နေနိုင်သူ

No comments: