Wednesday, June 29, 2016

ထားဝယ်ခရိုင် ရေဖြူမြို့နယ် သစ်တိုထောင့်ရွာ၌ ကျောင်းသား သုံးဦး မူးဝေ အော့အန်မှု ဖြစ်ပွားခဲ့သည့် ဂျယ်လီမုန့်ကို စစ်ဆေးရန် ရန်ကုန်မြို့ရှိ FDA သို့ ပေးပို့ထား


FDA မှ စစ်ဆေးမည့် မုန့်တစ်မျိုးကို တွေ့ရစဉ်

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ သစ်တိုထောင့်ရွာ၌ ပြီးခဲ့သည့် ဇွန် ၁၇ ရက်က တရုတ်စာများဖြင့် ရေးသားထားသော ဂျယ်လီမုန့် တစ်မျိုးကို စားမိသောကြောင့် ကျောင်းသားသုံးဦး ၀မ်းဗိုက် နာကျင်၍ မူးဝေ အော့အန်မှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဂျယ်လီမုန့်အား စစ်ဆေးရန် ရန်ကုန်ရှိ FDA ဌာနသို့ ပေးပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

မိန်းကလေး နှစ်ဦးနှင့် ယောက်ျားလေး တစ်ဦး ၎င်းတရုတ်စာပါ ဂျယ်လီမုန့် စားမိခဲ့ပြီး မိန်းကလေးတစ်ဦး ဆေးရုံ တင်ပို့ခဲ့ရသည်အထိ ဖြစ်ခဲ့ပြီးနောက် ဈေးကွက်အတွင်း ရောင်းချနေသည့် ယင်းဂျယ်လီအား ရယူ၍ ဂျယ်လီအတွင်း၌ ပါဝင်သည့် ပစ္စည်းများကို စစ်ဆေးနိုင်ရန် FDA ဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ စစ်ဆေးမှု ရလဒ် အဖြေကို ရရှိခြင်း မရှိသေးကြောင်း သိရသည်။

“ကလေးတွေ စားပြီး မူးဝေအော့အန်မှု ဖြစ်စေခဲ့တဲ့ ဂျယ်လီထဲမှာ ဘာတွေပါသလဲ သိရအောင် ရန်ကုန်က FDA ဌာနကို ပို့ထားပါတယ်။ အဲဒီ ဂျယ်လီက ရက်လွန်နေပြီ ဖြစ်တဲ့အပြင် တစ်ထုပ်လုံးက တရုတ်စာတွေနဲ့ပဲ ဖော်ပြထားတာ။ နိုင်ငံခြားကလည်း တင်သွင်းလာတယ်။ မြန်မာပြည်မှာ ရောင်းပြီး မြန်မာစာနဲ့လည်း ဖော်ပြထားတာ မရှိတော့ အထဲမှာ ဘာတွေပါမှန်း မသိဘူး။ ဒီလိုမုန့်မျိုးက လုံးဝ ရောင်းချ စားသုံးလို့ မသင့်တာပါ။ေ ကျာင်းတွင်း မုန့်ဆိုင်တွေကိုလည်း ဒီလိုမုန့်တွေ မရောင်းဖို့ ပြောထားတယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းတရုတ်စာဖြင့် ဖော်ပြထားသော မုန့်များမှာ FDA မှ ခွင့်ပြုထားခြင်း မဟုတ်သည့်အတွက် စားသုံးရန် မသင့်ကြောင်း၊ မုန့်များ လက်လီ လက်ကား ဖြန့်ဖြူးသည့် ဆိုင်များကိုလည်း ထိုသို့ FDA မှ ခွင့်ပြုထားခြင်း မရှိသည့် မုန့်များကို ရောင်းချခြင်း မပြုရန် အသိပညာပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း မိမိ၏ အနီး ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သော မုန့်များ ရောင်းချနေသည်ကို တွေ့ရှိပါက ၀ယ်ယူ စားသုံးခြင်း မပြုရန်နှင့် ရောင်းချခြင်း မပြုရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိ ထားဝယ် ဒေသတွင်း၌ မုန့်လက်လီလက်ကား ရောင်းချနေသည့် ဆိုင်များတွင် ကျောင်းသားများ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့သည့် တရုတ်စာများဖြင့် ဖော်ပြထားသော မုန့်များ ရောင်းချနေသည်များ ရှိနေပြီး အမျိုးအစား မျိုးစုံရှိကြောင်း၊ ဈေးသက်သာပြီး ထုပ်ပိုးမှု လှပသည့် အပြင် ကလေးငယ်များ ကြိုက်နှစ်သက်သည့် အနေအထား ရှိသောကြောင့် မိဘများ အနေဖြင့် မိမိကလေးများ စားသုံးမှု မရှိစေရန် ပြောပြထားသင့်ကြောင်း မုန့်ရောင်းချသူ ဒေါ်လဲ့ရီက ဆိုသည်။

Writer: 

ဖြိုးဇင် (ထားဝယ်

No comments: