Wednesday, June 29, 2016

ကျပ်သုံးသိန်း လာဘ်ယူသည်ဟု စွပ်စွဲခံရသည့် မန္တလေးမြို့ အမှတ် (၉) ရဲစခန်းမှ ရဲအရာရှိအား ခုံဖွဲ့စတင် စစ်ဆေး

ငွေကျပ် သုံးသိန်း လာဘ်ယူသည်ဟု စွပ်စွဲခံရသည့် မန္တလေးမြို့ အမှတ် (၉) ရဲစခန်းမှ ရဲအရာရှိတစ်ဦး လာဘ်ငွေယူ၊ မယူကိစ္စ ခရိုင်လုံခြုံရေး တပ်ဖွဲ့ခွဲမှူး ဦးဆောင်သည့် ခုံအဖွဲ့ဖြင့် စတင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုတွင် (ပ) ၃၁၅/ ၂၀၁၆၊ ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် ခံရပြီးနောက် ဖမ်းဆီး ချုပ်နှောင်ခြင်း မခံရစေရန် ယင်းစခန်းမှ ရဲအုပ် သိန်းကြွယ်ထံ ငွေသုံးသိန်း ပေးခဲ့ရကြောင်း ယခုလ ၂၇ ရက်က မန္တလေးမြို့ မီဒီယာ စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မဟာအောင်မြေ မြို့နယ်တွင် နေထိုင်သည့် ဦးထွန်းထွန်းက ပြောကြားခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ ယခုလို စုံ၊ ခုံဖွဲ့စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

“ခရိုင် လုံခြုံရေး တပ်ဖွဲ့ခွဲမှူး ရဲမှူးသက်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သူ့အောက်မှာ ဒုမြို့နယ်မှူးနှစ်ဦး ပါဝင်တဲ့ စုံ၊ ခုံအဖွဲ့က ဒီနေ့ မီဒီယာစင်တာကိုလာပြီး အဲဒီသတင်းကို ရေးသား ဖော်ပြတဲ့ သတင်းထောက်တွေဆီ အချက်အလက် လာယူ မေးမြန်းတာပါ။ ကျွန်တော်တို့ကလည်း မီဒီယာ စင်တာမှာ လာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ရလာတဲ့ အချက်အလက်ကို ဆက်လက် စစ်ဆေးပြီး သတင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်” ဟု မန်းမီဒီယာ စင်တာမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မန္တလေးခေတ် အယ်ဒီတာချုပ် ကိုမင်းဒင်က ဆိုသည်။

မိမိအနေဖြင့် သတင်း ဖော်ပြခဲ့သည့် မီဒီယာ သမားများထံ လာရောက် မေးမြန်းခြင်းဖြစ်ပြီး လာဘ်ပေးခဲ့သူဟု စွပ်စွဲသူနှင့် လာဘ်ယူသည်ဟု စွပ်စွဲခံရသူများကို ထပ်မံ မေးမြန်း စစ်ဆေးမည်ဖြစ်ကာ တွေ့ရှိချက်များကို ယခုလကုန်တွင် အထက်သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ခရိုင်လုံခြုံရေး တပ်ဖွဲ့ခွဲမှူး ရဲမှူးသက်ဝင်းက ဆိုသည်။

လာဘ်ယူသည်ဟု စွပ်စွဲခံရသူအား ခုံဖွဲ့စစ်ဆေးရာတွင် ငွေကြေးယူသည်ဟု ပေါ်ပေါက်ပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အထက် အဆင့်ဆင့် တင်ပြ အရေးယူသွားမည် ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက မီဒီယာများသို့ ဖြေကြားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်ဖွဲ့ဝင်များ အနေဖြင့် ငွေယူထားခြင်း မရှိကြောင်း အမှတ် (၉) ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှုးကြည်စိုးက ဖြေကြားထားသည်။

အဆိုပါ အမှုမှာ ဂရိတ်ဟိုတယ် ပိုင်ရှင် ဦးသိန်းအောင်နှင့် ၎င်း၏ ဇနီးနှင့် သားသမီးများ အကြား ပိုင်ဆိုင်မှု အရှုပ်အရှင်း အငြင်းပွားရာမှာ ဦးသိန်းအောင်က တရားလို ပြုလုပ်ကာ ၎င်း၏ သားလေးဦးဖြစ်သည့် ဦးသိန်းဌေး၊ ဦးအောင်ဇော်လတ်၊ ဦးသန်းထွဋ်နှင့် ဦးထွန်း ထွန်းတို့ကို ၎င်းပိုင်ပစ္စည်းများ ခိုးယူ ရောင်းစားသည်ဟု စွပ်စွဲကာ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်ပြီး ရာဇတ်သတ်ကြီး ပုဒ်မ ၄၀၈ မှာ ဖမ်းဆီး၍ ရသော်လည်း မိသားစု အရှုပ်အရှင်းများ ရှိနေသဖြင့် ဖမ်းဆီးခြင်း မပြုခဲ့ခြင်းသာဖြစ်ကြောင်း  မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ 

Writer: 

မင်းမင်းစိုး

No comments: