Wednesday, June 29, 2016

အုပ်စုဖွဲ့ရိုက်နှက်ဖျက်ဆီးခံရသည့် ငါန်းဇွန်မြို့နယ် ဆပ်ပြာကျင်းကျေးရွာကို ရဲတပ်ဖွဲ့လုံခြုံရေးပေး ---------------------------------------------------------------



မန္တလေး၊ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ တို့သည် ဇွန်လ ၂၃ရက်နေ့က အငြင်းပွားကြရာမှ ကျေးရွာအုပ်စုလိုက် ရိုက်နှက်ဖျက်ဆီးမှုများရှိခဲ့ရာ ရိုက်နှက်ခြင်းခံခဲ့ရသည့် ဆပ်ပြာကျင်းကျေးရွာကို ရဲတပ်စိတ်တစ်ခုဖြင့် လုံခြုံရေးပေးထားကြောင်း ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ ဆပ်ပြာကျင်းကျေးရွာနှင့် ကုလကျေးရွာနှစ်ရွာသည် နွားကျောင်းသား လူငယ်အချင်းချင်း ရန်ဖြစ်ကြရာမှစတင်ကာ ဆပ်ပြာကျင်းကျေးရွာ အတွင်းအထိ အုပ်စုလိုက်ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ယင်းကျေးရွာနှစ်ခုသည် အကွာအဝေးအရ မဝေးသောကြောင့် မလိုလား အပ်သည့် ပြဿနာများထပ်မံမဖြစ်ပွားစေရန် ဆပ်ပြာကျင်းကျေးရွာကို လုံခြုံရေး ယူပေးထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြင်းခြံခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ် လျက်ရှိပြီး နှစ်ဖက်ဒေသခံများကို စစ်ဆေးမည်ဖြစ်ကာ လက်ရှိတွင် မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူးဦးစီး၍ ကုလကျေးရွာသားများကို စစ်ဆေးနေပြီဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းသို့ရိုက်နှက်မှုများကြောင့် ဆပ်ပြာကျင်းကျေးရွာ ဒေသခံ ၁၇ဦးခန့် ဦးခေါင်းပေါက်ပြဲခြင်းနှင့် သွားကျွတ်ခြင်းစသည့် ဒဏ်ရာများရရှိခဲ့ကြပြီး နေ အိမ်အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ကုလကျေးရွာဒေသခံ၂၀ဦးကို ငါန်းဇွန်မြို့မ ရဲစခန်းတွင် (ပ)၅၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၅/ ၄၅၂/ ၃၂၅/ ၃၂၃/ ၄၂၇/ ၁၄၈/ ၁၁၄တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံ သိရသည်။


No comments: