Wednesday, June 29, 2016

မိုင်းယန်းမြို့မ စခန်းမှူး တရားခံ ဖမ်းဆီးစဉ် အိမ်ပေါ်မှ ပြုတ်ကျ သေဆုံး ---------------------------------------------



ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ရှိ ဟောကန် ရပ်ကွက်တွင် ဇွန်လ ၂၈ ရက် ည ၇ နာရီခွဲခန့်က မူးယစ်ရမ်းကားသူကို ဖမ်းဆီးရာမှာ မိုင်းယန်းစခန်းမှူးမှာ ၈ ပေခန့်မြင့်သော နေအိမ်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးက ပြောကြားသည်။

အသက် ၄၄ နှစ်အရွယ် ဦးချီးလယ်က နေအိမ်တွင် မူးယစ်ရမ်းကား နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့ရာ ရမ်းကားသူက စခန်းမှူးကို လုံးထွေးသတ်ပုတ်ရာမှ သက်ကယ်မိုး သက်ကယ်ကာ နေအိမ်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

နေအိမ်ပေါ်မှ ပြုတ်ကျခဲ့သော မိုင်းယန်းမြို့မ စခန်းမှူး ဒုရဲမှူး ထွန်းစံအောင်တွင် နှာခေါင်းသွေးထွက် ဒဏ်ရာနှင့် ဝဲနားရွက်အတွင်း သွေးထွက်ဒဏ်ရာတို့ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးက ရှင်းပြသည်။

“မူးယစ်ရမ်းကားသူကို စည်းရုံးပြောဆိုမယ်ဆိုပြီး တစ်ယောက်ထဲ အိမ်ပေါ် တက်သွားချိန်မှာ ရမ်းကားသူက လုံးထွေး သတ်ပုတ်တာကြောင့် နှစ်ယောက်သား အိမ်ပေါ်ကနေ ပြုတ်ကျသွားတာ၊ သူကေ အာက်ကကျတဲ့အပြင် ခေါင်းနဲ့ကျလို့ ဆေးရုံပို့ပေမယ့် အသက် မမီတော့ဘူး ရမ်းကားသူကတော့ ဒဏ်ရာ မရဘူး”ဟု၎င်းကဆိုသည်။

မူးယစ်ရမ်းကားသူကို ဖမ်းဆီးစဉ် မိုင်းယန်းမြို့မစခန်းမှူး သေဆုံးခဲ့မှုကြောင့် အသက် ၄၄ နှစ်အရွယ် ဦးချီးလယ်ကို ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း မိုင်းယန်းမြို့မရဲစခန်းထံမှ သိရှိရသည်။


No comments: