Tuesday, June 28, 2016

အရှေ့တောင်အာရှဒေသ၏ အိုင်အက်စ်အဖွဲ့ငယ် ဖိလစ်ပိုင်တောင်ပိုင်း၌ ထူထောင်လိုက်ပြီဟုဆို &&&&&&&&&&&&&&&&&&&&&&&&&&&&&&


မနီလာ ဇွန် ၂၅

အရှေ့တောင်အာရှဒေသ၏ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့ငယ်ကို ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဖွဲ့စည်းထူထောင်လိုက်ပြီဟု အစွန်းရောက် စစ်သွေးကြွအုပ်စုတစ်စုက ထုတ်ပြန်ကြေညာလိုက်ကြောင်း လုံခြုံရေးတာဝန်ရှိသူများက ဇွန် ၂၄ ရက်တွင် ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသရှိ အိုင်အက်စ်အဖွဲ့အတွက် မိမိတို့ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ အိုင်အက်စ်အဖွဲ့ငယ်ဟူ၍ အမည်ပေးထားသော အုပ်စုတစ်ခုက ဗီဒီယိုခွေ အသုံးပြု၍ ထုတ်ပြန်ကြေညာထားသည်ဟု ဖိလစ်ပိုင် စစ်ထောက်လှမ်းရေး အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူများအနေဖြင့် တစ်ခုတည်းသော အဖွဲ့အစည်းအတွင်း အညီအညွတ် ရပ်တည်ကြရန်လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်၍ တိုက်ခိုက်ကြမည့်အစား ဒေသတွင်းမှာပင် တိုက်ခိုက်မှုများ ပြုလုပ်သွားရန်လည်းကောင်း ယင်းအုပ်စုငယ်က တိုက်တွန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၌ ဇန်နဝါရီလအတွင်းက အိုင် အက်စ်အဖွဲ့၏ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ချိန်မှစ၍ ဒေသတွင်းရှိ အာဏာ ပိုင်များက လုံခြုံရေးကို တပ်လှန့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ အရှေ့တောင်အာရှဒေသ အိုင်အက်စ်အဖွဲ့ငယ်၏ ဝါဒဖြန့်ချိရေး ဗီဒီယိုတွင် စစ်ဝတ်စုံဝတ်ဆင်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသော လူငယ်လူရွယ်များနှင့် ကလေးအချို့ကို တွေ့မြင်ရကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ရိုက်တာ။News

No comments: