Wednesday, June 29, 2016

ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ စာရင်းကောက်ယူ၍ ၄င်းတို့လူမှုဘ၀ မြှင့်တင်ရေး ဆောင်ရွက်သွားမည်


Wednesday, June 29, 2016

မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ စာရင်းကောက်ယူ၍ ၄င်းတို့၏ လူမှုဘ၀ မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ဘ၀မြှင့်တင်ရေးဖိုရမ်မှ သိရသည်။

ယင်းဖိုရမ်ကို ဇွန်လ ၂၈ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ရာ ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများစာရင်းကို ကယားပြည်နယ်တွင် သာမက မြန်မာနိုင်ငံ အနှံ့အပြားတွင် စာရင်းကောက်ယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်မှာကတော့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများစာရင်းကို ကောက်ယူပြီးပါပြီ။ မြန်မာတစ်ပြည်လုံးမှာ စာရင်းကောက်ယူခြင်း ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းကနေမှ အထောက်အပံ့ မယူထားတဲ့အတွက် သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမှုတွေ ဆောင်ရွက်သွားမှာပါ” ဟု ဖိုရမ်ကျင်းပရေးအဖွဲ့မှ ကိုစိုးမိုးက The Ladies သို့ ပြောကြားသည်။

လက်ရှိ ကောက်ယူထားသော စာရင်းများအရ ကယားပြည်နယ် လွိုင်ကော်တွင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ (၃၀၀) ၀န်းကျင်ခန့်ရှိရာ ၄င်းတို့ဘ၀ မြှင့်တင်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ပေးနိုင်မည့် အကြောင်းအရာများကို ရှာဖွေကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဘေးကြောင့် ဒေသအသီးသီးမှ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဘ၀ကို ရောက်ရတယ်။ ငြိမ်းချမ်းရေးကို လိုချင်ပြီ။ စစ်ကိုချုပ်ငြိမ်းချင်ပြီ။ စစ်ကို ချုပ်ငြိမ်းတဲ့အခါမှာလည်း ချုပ်ငြိမ်းရင် ပြီးရောဆိုပြီး လုပ်တာကိုမလိုချင်ဘူး။ တရားနည်းလမ်းကျတဲ့ နည်းလမ်းနဲ့ ချုပ်ငြိမ်းတာကို လိုချင်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက The Ladies သို့ပြောကြားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ဘ၀မြှင့်တင်ရေးဖိုရမ်သို့ ဒေသတွင်းရှိ ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကာလကြာရှည် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် သေကြေပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ် ၊ ကရင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသများတွင် မြေမြှပ်မိုင်းကြောင်း အသက်ဆုံးရှုံးမှုများ ကိုယ်လက်အဂါင်္ ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေဆဲဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေဆဲ ဒေသများတွင်လည်း အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေပါသည်။

ဝသန်
The Ladies News


No comments: