Tuesday, May 24, 2016

ဘဏ်အကောင့်မလိုဘဲ မီတာဘေလ်ကို အိမ်အနီးအနားမှာပင် ဆောင်နိုင်မည့် True Money ကောင်တာစနစ်စတင်

ထိုင်းနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် True အနေဖြင့် ပြည်တွင်းရှိ ဘဏ်အကောင့်မရှိသူများပါ အဆင်ပြေလွယ်ကူ စေမည့် True Money မီတာဘေလ်ဆောင်သည့်စနစ်ကို စတင်လိုက် ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
True Money ကောင်တာများကို လျှပ်စစ်ပစ္စည်းဆိုင်၊ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဖုန်းဆိုင်၊ ဟိုတယ်နှင့် ဆေးရုံ ဆေးခန်းများ၊ ရပ်ကွက်အတွင်းရှိ လူတိုင်းလက်လှမ်းမီသည့်နေရာများတွင် ထားရှိသွား မည်ဖြစ်ပြီး အဆိုပါကောင်တာရှိ True Money စက်များတွင် မိမိတို့ ဆောင်ရမည့် မီတာစာရွက်၊ စည်ပင်စာရွက်တို့မှ ကုတ်နံပါတ်ပြောပြရုံ ဖြင့် ဘေလ်ပေးဆောင်နိုင်မည့်စနစ်ဖြစ်သည်။
True Money မြန်မာကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းထွန်းလင်းက ''အခု ကျွန်တော်တို့က Connect and Pay နဲ့ True Money ပူးပေါင်းပြီး မီတာဘေလ်နဲ့ တခြားစည်ပင်ဘေလ်တွေကိုပါ ဆောင်လိုရမယ့်စနစ်တစ်ခုကို မိတ်ဆက်တာပါ။ True Money ကောင်တာတွေမှာ စပြီးဘေလ်ဆောင်လို့ ရနေပြီ။ ဒါပေမဲ့ တစ်ခါဆောင်ရင် ဝန်ဆောင်ခ ကျပ် ၅ဝဝ တော့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒါကလည်း အခုလောလောဆယ် အစိုးရနဲ့ချိတ်ဆက်မှုအပိုင်းအရ ကောက်ခံနေတဲ့နှုန်းပါ။ ပုံသေတော့မဟုတ်ဘူး။ နောက်ပိုင်းကျရင်တော့ မီတာဘေလ်ပဲဖြစ်ဖြစ်၊ စည်ပင်ခွန်ပဲဖြစ်ဖြစ် တစ်လအတွင်းဆောင်ရမယ့် အိမ်ထောင်စုတစ်ခုက
အခွန်အခတွေ အကုန်လုံးလာ ဆောင်ရင် အားလုံးအတွက် ကျပ် ၅ဝဝ ကောက်ခံတာမျိုး အဲလိုတွေ အထိ လုပ်ပေးသွားဖို့ စဉ်းစားထား တာရှိပါတယ်''ဟု ပြောသည်။
MCC ကုမ္ပဏီ၏ Board of Director တစ်ဦးလည်းဖြစ်၊ Connect NPay ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာတစ်ဦးလည်းဖြစ်သော ဦးပြည့်စုံက''အစ်ကိုတို့ CNP အနေနဲ့ True Money နဲ့ပေါင်းဖြစ် တာက ပြည်သူအားလုံး အလွယ်တကူ ဘေလ်တွေပေးဆောင်နိုင်ဖို့ ရည်ရွယ်တာပါ။ အရင်ကဆိုရင် အင်တာနက်ကနေ ပေးဆောင်မှ၊ ဒါမှမဟုတ် ဘဏ်အကောင့်ရှိမှ ဆောင်လို့ရတယ်။ ကျွန်တော်တို့ ကျတော့ ဘယ်သူပဲဖြစ်ဖြစ် ဘယ် Channel ကနေမဆို ပေးဆောင်နိုင် အောင် လုပ်ပေးထားတယ်။ အခုဆို ဘဏ်တွေနဲ့လည်းချိတ်ထား တော့ ဘဏ်အကောင့်ရှိတဲ့သူဆိုရင် ဘဏ်ကနေပေးချေလို့ရမယ်။ MPU လို၊ မာစတာကတ်လိုမျိုး ရှိရင် လည်း ကတ်ကနေပေး၊ တကယ်လို့ အဲဒါတွေမရှိဘူး။ Unbank သမားအတွက်က Wallet တွေ ထွက်လာပေမယ့် အဲဒါတွေက ဖုန်းနဲ့သုံးနေရဦးမယ်။ ဖုန်းနဲ့မသွားဘဲ True Money ရဲ့ဆိုင်လေးတွေ မှာပဲသွားပြီး
ဘေလ်ဆောင်လို့ရမယ့်အနေအထားကို လုပ်တာပါ။ ဘာ Channel ကိုမှ သုံးမထားတဲ့ သူတွေက True Money ကနေ အလွယ်တကူပေးချေလို့ရမှာ ဖြစ် ပါတယ်''ဟုဆိုသည်။
True Money Myanmar ၏ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းထွန်းလင်းက''ကျွန်တော်တို့ဆီမှာ ဆာဗာထားတော့ တစ်ခုခုဖြစ်ခဲ့ရင် ချက်ချင်းပြန်ကြည့်လို့ရတယ်။ Error ဖြစ်တာမှန်တယ်ဆိုရင် ပြန် ပေးပါတယ်။ အစ်ကိုတို့ စက်တွေနဲ့ စနစ်တွေကလည်း Scure ဖြစ်အောင်လုပ်ထားပါတယ်။ ပိုက်ဆံ ထုတ်လို့မရလိုက်တာ ဆိုရင် ကျွန်တော်တို့ စနစ်ထဲမှာပဲဖြစ်တာ ဆိုရင်နှစ်ရက်အတွင်းပြီးပါတယ်။ အကယ်၍ တခြား MPT တို့ CNP တို့ Transfer to တို့ရှိတော့ သူတို့ ဘက်မှာဖြစ်ခဲ့ရင် တစ်လလောက် တော့ ကြာနိုင်ပါတယ်'' ဟုဆို သည်။
လက်ရှိတွင်ဘေလ်ပေးဆောင် မှုများနှင့် မိုဘိုင်းလ်ဖုန်း Postpaid ပေးချေမှုဖြင့် စတင်မည့် True Money အနေဖြင့် နောက်ပိုင်းတွင် Ticketing နှင့် ငွေလွှဲလုပ်ငန်း၊ မိုဘိုင်းလ်မန်းနီးစနစ်များကိုပါ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: