Friday, May 27, 2016

တပ်မတော်အရာရှိ ငါးဦးကို KTV ဆိုင်အတွင်း ရမ်းကားသည်ဟုဆိုကာ အမှုဖွင့် -------------------------------------------------------------------------------



ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူး ကားလမ်းဘေးရှိ ဒေါ်လာ KTV စားသောက်ဆိုင်တွင် ဆိုင်ပစ္စည်းများကို ဖျက်ဆီးကာ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကို ထိုးကြိတ်ခဲ့သည်ဟု တိုင်ကြားခံရသော တပ်မတော်အရာရှိငါးဦးကို မေလ ၂၆ နေ့က ပုဒ်မ ၃ ခုဖြင့် လှည်းကူးမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

အမှုဖွင့်ခံရသည့် တပ်မတော်မှ ဗိုလ်ကြီး ငါးဦးမှာ လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ အမှတ်(၁) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းသားများဖြစ်ပြီး မေလ ၁၉ ရက်နေ့က ယင်း KTV ဆိုင်သို့ ၎င်းတို့အဖွဲ့ လာရောက် သီချင်းဆိုရာမှ ဆိုင်ရှင်အပါအဝင် ဝန်ထမ်းများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ KTV ဆိုင်အတွင်း ရမ်းကားခဲ့သည်ဟု တိုင်ကြားခံရသူများကို ပြစ်မှုပုဒ်မ ၂၉၄/ ၄၂၇/ ၃၂၃ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လှည်းကူးမြို့မရဲစခန်းထံမှ သိရသည်။

ယင်းခိုက်ရန်ဖြစ်ပွားစဉ် တပ်မတော်အရာရှိများကို ဝိုင်းဝန်းရိုက်နှက်မှုဖြင့်  KTV စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၃၁ အရွယ် အမျိုးသားနှင့် အသက် ၁၆ နှစ် မှ ၂၂ ကြားရှိ ဆိုင်ဝန်ထမ်း အမျိုးသား သုံးဦးတို့ကို လှည်းကူးမြို့မ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။


No comments: