Saturday, May 28, 2016

ကျောက်စိမ်း တူးဖော်သည့် ရာသီကုန်ဆုံးခါနီးတွင် ဖားကန့်ဒေသသို့ မြန်မာ့တကောင်းကုမ္ပဏီပိုင် ယမ်းကားအစီး တစ်ရာကျော် ၀င်ရောက်လာမှုအပေါ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

ယမ်းတင်ဆောင်ထားသည့် ကုန်တင်ကားများ ဖားကန့်ဒေသသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်
ဖားကန့်ဒေသ၌ ကျောက်တူးဖော်သည့် ရာသီချိန်ကုန်ဆုံးခါနီးတွင် မေ ၂၆ ရက်က ရာဇဌာနီ (မြန်မာ့တကောင်း) ကုမ္ပဏီပိုင် ယမ်းတင်ဆောင်ထားသည့် ကုန်တင်ကားအစီး ၁၁၀ ခန့် ဖားကန့်သို့ ရောက်ရှိလာကြောင်း သိရသည်။
 
အဆိုပါ ယမ်းတင်ဆောင်သည့် ကားများမှာ ပြည်ထောင်စုအစိုးရမှ တရားဝင် ခွင့်ပြုချက်ဖြင့် ၀င်ရောက်လာခြင်း ဖြစ်သော်လည်း ကားများပေါ်တွင်ပါရှိသည့် စုစုပေါင်းယမ်း တန်ချိန် ၂၀၀၀ ခန့်မှာ ကျောက်တူးဖော်သည့်ရာသီ ကုန်ဆုံးခါနီးချိန်အတွက် များပြားလွန်းသည့် ပမာဏဖြစ်နေကြောင်း ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဝေဖန်ပြောကြားသည်။
 
“ယမ်းတွေ တင်လာတဲ့ကားကို ဖားကန့်မြို့ ၀င်ခါနီးမှာ တွေ့ပါတယ်။ စုံစမ်းကြည့်တော့ ပြည်ထောင်စုအစိုးရက တရားဝင် ခွင့်ပြုထားတယ်လို့ သိရတယ်။ ကားအစီးရေ ၁၁၀ ရှိပြီး ယမ်းတန်ချိန် ၂၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ အဲဒီယမ်းတွေဟာ ရာဇဌာနီ ကုမ္ပဏီတစ်ခုတည်းကလို့ သိရတယ်။ ဒါဟာ အင်မတန် များပြားလွန်းတဲ့ ပမာဏပါ။ ထိန်းချုပ်ဖို့ လိုပါတယ်။ အခုက အားလုံးအနေနဲ့  ကြားသိပြီးသားပဲ။ ပြည်ထောင်စုဝန်ကြီးက ကျောက်တူးဖော်တဲ့ လုပ်ငန်းတွေကို နောက်ထပ် သက်တမ်းမတိုးပေးတော့ဘူး။ လုပ်နေတဲ့ဟာတွေကိုလည်း ရပ်နားထားဖို့ အတွက်ကို ညွှန်ကြားထားတယ် ဆိုပါတယ်။ အခုဟာက ဖားကန့်ဒေသကလည်း တည်ငြိမ်အေးချမ်းမှု မရှိဘူးလို့ အားလုံးက သိထားတဲ့ အနေအထားပေါ်မှာ ယမ်းတွေက ရှောင်တခင်ကြီး ၀င်ရောက်လာတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အင်မတန်မှ အံ့သြစရာအဖြစ် မြင်တွေ့ရပါတယ်” ဟု ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက ယခုအခါ မိုးတွင်းကာလ ၀င်ရောက်လာ၍ ယမ်းများမှာ လက်ရှိအချိန်တွင် ကုမ္ပဏီတွင်း အသုံးပြုမည့် အနေအထား မတွေ့ရကြောင်း၊ ထို့အတူ ဖားကန့်ဒေသမှာ တည်ငြိမ်အေးချမ်းမှု မရှိသည့်အချိန် ဖြစ်နေ၍ ဖောက်ခွဲရေးယမ်းများ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းမှာ သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြောကြားသည်။  
 
“လက်ရှိအတိုင်းအတာအနေနဲ့ ဖားကန့်မြို့ပေါ်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်။ အခုလိုမျိုး ဖောက်ခွဲရေးယမ်းတွေက အလုံးအရင်းနဲ့ ၀င်ရောက်လာတယ်ဆိုတော့ ဒါကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ မိုးတွင်း အချိန်ကာလလည်း ဟုတ်တယ်ဆိုတော့ အခုချိန်မှာ ယမ်းတွေကို ကုမ္ပဏီတွင်းမှာ အသုံးပြုမယ့် အနေအထား မတွေ့ရဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ တစ်မျိုးမြင်တာပေါ့။ ဖားကန့်မှာကလည်း ပေါက်ကွဲမှုတွေက နိစ္စဓူဝ ဖြစ်ပျက်နေတာဆိုတော့ ဒီအချိန်ကာလမှာ ယမ်းသယ်လာတာဟာ မဖြစ်သင့်ဘူးလို့ မြင်တာပေါ့။ ဥပမာ ရာသီချိန် လုပ်ငန်းခွင်တွေ လည်ပတ်တဲ့အချိန်မှာ ကျောက်စိမ်းတူးဖော်မှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ချိန်မှာ သယ်ယူကြတယ်ဆိုရင်တော့ ကျွန်တော်မပြောလိုဘူး။ အခုက သံသယဖြစ်စရာကောင်းတဲ့ အနေအထားမျိုးပေါ့။ သံသယ ဖြစ်စရာအကြောင်းကတော့ ယနေ့အချိန်ထိ ဖားကန့်မြို့မှာ ပေါက်ကွဲမှုဖြစ်တဲ့ အကြောင်းရင်းမှာ ဖောက်ခွဲတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မိမိရရ မသိရဘူး။ ဖောက်ခွဲတဲ့မိုင်းတွေကို ကြည့်ပြန်ရင်လည်းပဲ စက်ရုံထုတ် စစ်သုံးမိုင်းတွေပုံစံမျိုး မဟုတ်ဘူး။ ဒါကြောင့် ဒီယမ်းတွေကြောင့်လည်း ပေါက်ကွဲမှု ဆက်စပ်နိုင်တယ်ဆိုတဲ့ဟာကို ကျွန်တော့်အနေနဲ့ ပြောလိုခြင်း ဖြစ်ပါတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောကြားသည်။
 
လုံးခင်း၊ ဖားကန့်ရတနာမြေတွင် အကျိုးတူ ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် လုပ်ငန်းသုံး ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) မှတစ်ဆင့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့ထံ တင်ပြပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရကြောင်း သိရသည်။ 
 
ယခင်အစိုးရလက်ထက်က ပိတ်ပင်မှုကြောင့်၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ဖားကန့်ဒေသသို့ သွားရောက်ရန် ကန်ပိုက်တီး နယ်စပ်ဂိတ်တွင် ပိတ်မိနေသည့် ယာဉ်အစီး ၂၀ ကျော်ကိုလည်း ၂၀၁၆ ခုနှစ် မေလအတွင်း ပြည်ထောင်စုအစိုးရက မော်လူးဒေသရှိ တူးဖော်ရေး လုပ်ငန်းများသို့ သွားရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

No comments: