Thursday, May 26, 2016

ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စုအစိုးရ အနေဖြင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် အရေးကြီးအဆိုတင်

ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စုအစိုးရ အနေဖြင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် အရေးကြီးအဆိုတင်
-----------------------
နေပြည်တော်၊ မေ ၂၆
-----------------------
မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးဒေသများဖြစ်သည့် ဆွမ်ပရာဘွမ်၊ ချီဖွေနှင့် ခေါင်လန်ဖူး မြို့မယ်များသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆက်သွယ်ရေးပြတ်တောက် ခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းနှင့် ရေနောက်မြောပါသွားသည့်အတွက် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုအား ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရန် အရေးကြီးအဆိုနှစ်ခုနှင့် မေးခွန်း တစ်ခု အား ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်မှာ လက်ရှိအခြေအနေဆို ပိန်းဥတွေ၊ သစ်ဥ၊ သစ်ဖုတွေ၊ မျှစ်တွေချိုးပြီးစားနေ ရတဲ့ အခြေအနေရောက်နေပါတယ်၊ ဒါကြောင့် ပြည်ထောင်စုဝန်ကြီး တင်ပြပေးထားတဲ့ ရိက္ခာတွေ ပံ့ပိုးပေးမယ် ဆိုတော့ ဝမ်းသာပါတယ်” ဟု ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုဆီက ပြောသည်။

ခေါင်လန်ဖူးဒေသတွင် အပိုင်းနှစ်ပိုင်းရှိပြီး တောင်ပေါ်အုပ်စု အပိုင်းမှ ရိက္ခာပို့မည်ဆိုပါက ရေခဲတောင်များ ပိတ် နေသည့်အတွက် ၁၅ ရက်ခန့် ကြာမြင့်နိုင်ပြီး တရုတ်ပြည်ရှိ ဖူကုံမြို့အားပို့ဆောင်ပြီး ထိုမှတဆင့် လားများနှင့် သယ်ဆောင်မည်ဆိုပါက အဆင်ပြေကြောင်း ဒေသခံများကပြောပြကြောင်း ၄င်းက မီဒီယာများကို ပြောသည်။

“ထောက်ပံ့မယ့်ပစ္စည်းတွေ ပူတာအိုမှာ ပို့ထားပြီးပြီ၊ နောက်ထပ် ကချင်ပြည်နယ်အစိုးရကိုလည်း ငွေလည်းပို့ ထားပြီးပြီ၊ အခု ကိုယ်စားလှယ်တင်ပြသွားတာကတော့ ငွေရသွားရင် သူတို့တရုတ်ဖက်ကနေပြီးတော့ ဝယ်လို့ ရတယ်၊ ဒါကို ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ပြောတာပါ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လွှတ်တော် အ စည်း အဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆွမ်ပရာဘွမ်ဒေသ လမ်းအပိုင်း အခြေအနေကောင်းမွန်ကြောင်း ဖြေကြားမှုနှင့် လူ-ကယ်-ပြန် ဝန်ကြီးဌာန မှ ဖြေကြားချက်ဖြစ်သော ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အတွင်း ယင်းဒေသများသို့ ရိက္ခာများအား ကားအစီးရေ ၁၀၀၀ ကျော် ပို့ဆောင်ခဲ့ပြီးဆိုသည့် ဖြေကြား ချက်များ ပြည်စုံခြင်းမရှိသည့်အပြင် သံသယရှိကြောင်းလည်း ဆွမ်ပရာဘွမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင်က ထောက်ပြပြောဆိုသည်။

“၂၀၁၅-၁၆ ခုနှစ် မှာ ကားအစီး ၁၀၀၀ ကျော်ကို ရိက္ခာပို့လို့စီစဉ်ပြီးပါပြီဆိုတဲ့ ဖြေကြားချက်နဲ့ပတ် သက်ပြီး ကျွန်တော်နဲနဲသံသယရှိပါတယ်၊ဒီလမ်းမှာ သွားနေတဲ့ကားတွေက အထူသဖြင့်ကုန်သည်တွေ ကုန်ကားတွေ ကိုယ့်သဘောနဲ့ကိုယ် သွားတာဘဲများပါတယ်၊ အစိုးရရဲ့အစီအစဉ်နဲ့သွားတဲ့ ကားတွေ လည်းရှိတယ်၊ ဆိုတဲ့အခါကျတော့ ဘယ်ဝန်ကြီးဌာနက ဘယ်လိုအစီအစဉ်နဲ့ ပို့သလဲဆိုတာ ဒီလွှတ် တော်ကနေတဆင့် လူထုကို ရှင်းပြစေချပါတယ်” ဟု ၄င်းကပြောဆိုသည်။

ဦးလုံဂျုံဆန်မိုင် အနေဖြင့် မေလ ၉ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ရောက်ရှိနေကာ မြစ်ကြီး နားနှင့် ဆွမ်ပရာဘွမ်မြို့နယ်အား ကားဖြင့် သုံးပတ်ကြာမျှသွားရသည့်အတွက် လမ်းအပိုင်းကောင်းမွန် သည်ဟု ဖြေကြားချက်မှာ မပြည့်စုံကြောင်းလည်း ၄င်းက ထောက်ပြပြောဆိုလိုက်သည်။

အဆိုနှင့် မေးခွန်းများအား ဖြေကြားသည့် သက်ဆိုင်ရာပြည်ထောင်စု အဖွဲ့များက လွှတ်တော်သို့ ကနဦး တင်ပြပြီးမှ အဆိုရှင်နှင့် မေးခွန်းမေးမြန်း မှု ပြုလုပ်ခဲ့သည့် ယင်းအရေးကြီးအဆိုများအား လွှတ်တော်၌ မှတ်တမ်း တင်ထားရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အတည်ပြုပြောကြား သည်။

ကိုပေါက်
The Ladies News


No comments: