Tuesday, May 24, 2016

အိုဘားမား ၀က်ခေါက်ဆွဲ စွပ်ပြုတ် ၀င်သောက်သောကြောင့် လမ်းဘေး၌ ဖွင့်ထားသော ဆိုင်ပိုင်ရှင် အံ့သြခဲ့ရ

မေ ၂၃ ရက်က ဟနွိုင်းရှိ လမ်းဘေး စားသောက်ဆိုင်မှ ညစာစားပြီး ထွက်လာသည့် အမေရိကန် သမ္မတ အိုဘားမား (Photo: AFP)
ဟနွိုင်းမြို့ လမ်းဘေး၌ ဖွင့်ထားသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးသည် ၀က်ခေါက်ဆွဲစွပ်ပြုတ် ပန်းကန်ပေါင်း များစွာကို ထည့်ပေးခဲ့ပြီးသော်လည်း အမေရိကန် သမ္မတ ဘာရက်အိုဘားမား ရုတ်တရက် ၀င်လာကာ ပလတ်စတစ် ထိုင်ခုံကို ဆွဲယူလျက် ဗီယက်နမ်၏ အကျော်ကြားဆုံးသော ဘန်ချာဟုခေါ်သည့် ခေါက်ဆွဲပြုတ်ကို တရှူးရှူး တရှဲရှဲနှင့် စားသည့်အခါ အလွန် အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။

အမေရိကန် သမ္မတသည် မေ ၂၃ ရက် ညတွင် အလွန်အလုပ်များသော ဗီယက်နမ် ခရီးစဉ်မှ ခေတ္တ ထွက်လာကာ အန်ထော်နီဘာဒိန်းနှင့်အတူ ဗီယက်နမ် အစားအစာကို ၀င်ရောက် မြည်းစမ်းကြည့်ခြင်း ဖြစ်သည်။ ဘာဒိန်းသည် ကမ္ဘာတစ်လွှားရှိ လူသိနည်းသော စားသောက်ဖွယ်ရာများကို နယ်လှည့်ရှိုးအဖြစ် တင်ဆက်နေသော စားဖိုမှူးနှင့် အစားအသောက် ဝေဖန်ရေးဆရာ ဖြစ်သည်။

အသက် ၅၄ နှစ်အရွယ်ရှိ စားသောက်ဆိုင်ပိုင်ရှင် ငုယင်သီလီအန်းသည် နိုင်ငံခြားသား ရုပ်သံအဖွဲ့ လာနေသည်ကို သိရှိသော်လည်း အလွန် ထိပ်တန်းကျသော ဧည့်သည်တစ်ဦးကို ခေါ်ဆောင်လာမည်ဟု မထင်မိခဲ့ပေ။

“သူ ကျွန်မတို့ဆိုင်ထဲ ရောက်လာတာဟာ ကျွန်မတို့ မိသားစု တစ်စုလုံးအတွက် အကြီးအကျယ် အံ့အားသင့်စရာပါ။ ဒီလိုမျိုး ဘယ်တုန်းကမှ စိတ်တောင် မကူးခဲ့ဖူးဘူး။ အိပ်မက်ထဲတောင် ထည့်မမက်နိုင်ဘူး” ဟု ဆိုင်ပိုင်ရှင်က ပြောကြားခဲ့သည်။

အမေရိကန် လျှို့ဝှက်ရဲများနှင့် ဗီယက်နမ် ရဲများသည် မေ ၂၃ ရက် ညနေက အဆိုပါ ဘန်ချာဆိုင်ပတ်လည်ရှိ လမ်းများကို ပိတ်ထားခဲ့သည်။

စားသောက်ဆိုင် အပြင်ဘက်၌ ကြီးမားသော လူအုပ်ကြီး စုဝေးရောက်ရှိလာပြီး အိုဘားမား ထွက်လာသည့်အခါ ကောင်းချီးသြဘာ ပေးကြသည်။

ကိုယ်ရံတော်များ ၀န်းရံလျက် ထွက်လာသော အိုဘားမားသည် ခေတ္တရပ်ကာ စိတ်လှုပ်ရှားနေသော ဒေသခံများကို နှုတ်ဆက်ခဲ့ပြီး အိုဘားမား ကားဖြင့် ထွက်ခွာခြင်း မပြုမီ လူများစွာတို့က ၎င်းတို့၏ ဖုန်းများဖြင့် ဓာတ်ပုံများ အမိအရ ရိုက်ကူးခဲ့ကြသည်။

“အိုဘားမားက ယဉ်ကျေးပျူငှာ၊ ပြုံးရွှင်၊ လန်းဆန်းနေပြီး လူတိုင်းက သဘောကျကြပါတယ်” ဟု ဆိုင်ပိုင်ရှင်က ပြောကြားခဲ့ပြီး သူ့အနေဖြင့် အိုဘားမားနှင့်တွဲလျက် ဓာတ်ပုံ မရိုက်ခဲ့ရသည်ကို နောင်တရမိကြောင်းလည်း ပြောကြားခဲ့သည်။

ဘာဒိန်းက သူ၏ Instagram တွင် ညစာစားနေသည့် ပုံတစ်ပုံ တင်ခဲ့ပြီး “သမ္မတရဲ့ တူကိုင်တဲ့ ကျွမ်းကျင်မှုက ပြောင်မြောက်ပါတယ်” ဟု စာတန်းထိုးခဲ့သည်။

အဆိုပါ ဓာတ်ပုံတွင် အိုဘားမားနှင့် ဘာဒိန်းတို့သည် ဗီယက်နမ်လမ်းဘေး စားသောက်ဆိုင်များတွင် တွေ့ရလေ့ရှိသော ပလတ်စတစ် ထိုင်ခုံများပေါ်၌ ထိုင်လျက်ရှိပြီး အိုဘားမားသည် ယာဘက် လက်ထဲတွင် ဟနွိုင်းဘီယာ ပုလင်းကို ကိုင်လျက်သား တွေ့မြင်ရသည်။

“သမ္မတနဲ့ အတူစားတဲ့ ဘန်ချာညစာဟာ စုစုပေါင်း ခြောက်ဒေါ်လာပဲ ကျပါတယ်။ ကုန်ကျငွေကို ကျွန်တော် ရှင်းလိုက်တယ်” ဟု ဈေးပေါသည့် လမ်းဘေးဆိုင် အစားအစာများကို နှစ်သက်သည်ဟု ကျော်ကြားသော ဘာဒိန်းက သူ၏ Twitter တွင် ရေးသားခဲ့သည်။

ဗီယက်နမ်သည် လတ်ဆတ်သော စားစရာများနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းလျာများကြောင့် ထင်ရှားသော်လည်း အိုဘားမားသည် ၀က်ဆီနှင့် ဟင်းချိုပါဝင်သော ဘန်ချာကို ရွေးချယ်ခဲ့သည်။
Writer: 
Ref: AFP

No comments: