Tuesday, May 31, 2016

မှတ်ပုံတင် အတုကိုင်၍ စာရွက်စာတမ်း လိမ်လည်သည့် တရုတ်နိုင်ငံသားကို အရေးယူ

မှတ်ပုံတင် အတုကိုင်၍ စာရွက်စာတမ်း လိမ်လည်သည့် တရုတ်နိုင်ငံသားကို အရေးယူ ----------------------------------------------- မန္တလေး၊ မေ - ၃ဝ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သား ဦးအိုက်ပြူး ဆိုသူသည် အမျိုးသားမှတ်ပုံတင် အတုများ ကိုင်ဆောင်၍ စာရွက်စာတမ်းများ လိမ်လည်ကာ မြေယာများ ဝယ်ယူခြင်းနှင့် သားသမီးများကို နိုင်ငံသားမှတ်ပုံတင် ရရှိအောင်ပြုလုပ်သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဦးအိုက်ပြူးဆိုသူသည် ၎င်းကို ပေးအပ်ထားသည့် ဧည့်နိုင်ငံသား မှတ်ပုံတင် ၉/မမန (ဧည့်) ဝဝဝ၃၈၁ကို ၉/မမန (နိုင်) ဝဝဝ၃၈၁ အဖြစ် အသုံးပြုကာ သစ်တောဦးစီးပိုင်မြေ ဧက ၁ဝဝ ကို ဝယ်ယူခွင့် လျှောက်ထားခြင်းများနှင့် တရားရုံးတွင် မှတ်ပုံတင်နှစ်မျိုးလုံးကို အသုံးပြု၍ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနများထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းအား ဧည့်နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးထားသော်လည်း ယင်းကို နိုင်ငံသားမှတ်ပုံတင်အဖြစ် မည်သို့ ပြုလုပ်လိုက်သည်ကို ဌာနအနေနှင့် မသိရှိသေးကြောင်း အဆိုပါဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက ပြန်လည်ဖြေကြားသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် လဝကရုံးတို့ ပူးပေါင်းပြီး ၎င်း၏ ကိုယ်ရေး အချက်အလက်များကို စုံစမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် ဦးအိုက်ပြူးနှင့် ၎င်း၏မိသားစုများကို လိမ်လည်မှုနှင့် လိမ်လည်ရရန် ရည်ရွယ်ချက်ဖြင့် အတုပြုလုပ်မှု (ပ)၁၂ဝ / ၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၄၂ဝ၊ ၄၆၈ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။ ဦးအိုက်ပြူးသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ခြံမြေများကိုလည်း မှတ်ပုံတင်အတုဖြင့် ဝယ်ယူလျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ အနေနှင့် ဝယ်သူ တစ်ဦးတစ်ယောက်ချင်းကို သိရှိရန် ခက်ခဲသည့်အတွက် မည်သည့် နိုင်ငံသားက ဝယ်ယူသည်ကို ပြောကြားရန် ခက်ခဲကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင် ဦးထူးထူးဆန်းက ပြောကြားသည်။

No comments: