Sunday, April 24, 2016

မန်စီမြို့နယ်တွင် KIA အဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေး တိမ်းရှောင် ===================

မန်စီမြို့နယ်တွင် KIA အဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေး တိမ်းရှောင် ================================================ 24, April, 2016 By Voice of Kachin ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် လွယ်ဂျယ်မြို့နယ်တို့တွင် KIA အဖွဲ့မှ ဒေသခံ တိုင်းရင်းသားများအား အတင်း အဓမ္မလူသစ်စုဆောင်းလျက်ရှိရာ စုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် အခြားအဆင့် ၂ ဦး ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း သိရှိရပါသည်။ “သူတို့နှစ်ဦးက မိမိသဘောအတိုင်း တာဝန်ထမ်းဆောင်ချင်လို့ KIA အဖွဲ့မှာ ၀င်ခဲ့တာ မဟုတ်ပါဘူး၊ KIA အဖွဲ့က ရွာကိုလာပြီးတော့ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားလို့ ပါသွားတာပါ၊ အခုတော့ ထွက်ပြေးနေတယ်လို့ပြောတယ်၊ ရွာကိုပြန်ရောက်ရင် သူတို့ဆီကို ဖမ်းပြီးပြန်ပို့ပေးဖို့ ပြောသွားတယ်“ ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့သည် ထွက်ပြေးတိမ်းရှောင်နေသူ ၂ ဦးအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် အဖွဲ့များခွဲကာ အေပြီလ ၂၁ ရက်နေ့မှစ၍ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူ အခြားအဆင့် ၂ ဦးမှာ လဖိုင်ဇော်ဘောက်နှင့် နော်ဆန်း တို့ဖြစ်ပါသည်။ လဖိုင်ဇော်ဘောက် သည် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှဖြစ်ပြီး နော်ဆန်း သည် လွယ်ဂျယ်မြို့နယ်၊ မုန်းခင်ကျေးရွာမှ ဖြစ်ကြောင်း သိရှိရပါသည်။ KIA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများအား အတင်းအဓမ္မဖမ်းဆီးမှုများကြောင့် မြို့/ရွာများတွင် နေထိုင်ခြင်းမရှိတော့ဘဲ အခြားဒေသများသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရပါသည်။ KIA အဖွဲ့တွင် ထိပ်ပိုင်းခေါင်းဆောင်များသာ ကြီးပွားချမ်းသာနေကြပြီး လက်အောက်ငယ်သားများမှာ လစာ၊ ရိက္ခာမလုံလောက်မှု၊ ကိုယ့်ဝမ်းစာ၊ မိသားစုဝမ်းရေးအတွက် တောင်ယာစိုက်စားနေရမှုများကြောင့် စိတ်ကုန်ကာ ထွက်ပြေးတိမ်းရှောင်သူများပြားနေပြီး အချို့တပ်ဖွဲ့ဝင်များမှာ အလင်းဝင်ရောက်ရန် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း မန်စီမြို့ခံတစ်ဦးက ဆက်လက်ပြောကြားသွားပါသည်။ (#ဇော်လီ)

No comments: