Monday, April 25, 2016

မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းသွား ယာဉ်ငယ်များ တိုးဂိတ်ဖြတ်သန်းခ iPay ကတ်အသုံးပြုရမည်

မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းသွား ယာဉ်ငယ်များ တိုးဂိတ်ဖြတ်သန်းခ iPay ကတ်အသုံးပြုရမည် Monday, April 25, 2016 မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်ငယ်များ တိုးဂိတ်ဖြတ်သန်းခပေးရာ၌ ဇွန်လကစ၍ ငွေစက္ကူအစား အိုင်ပေးကတ် (iPay)များဖြင့်သာ အသုံးပြုရတော့မည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုက ပြောကြားသည်။ "ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သွားလာနေတဲ့ယာဉ်တွေအားလုံး တိုးဂိတ်မှာ ငွေချေတဲ့အခါ စောင့်ဆိုင်းရတဲ့အချိန်သက်သာပြီး သွားလာမှုလျင်မြန်စေဖို့ ရည်ရွယ်လုပ်ဆောင်ရတာ"ဟု ၎င်းဆိုသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလကစ၍ ယာဉ်ကြီးအစီးရေ ၄၅ဝ (iPay) ကတ်အသုံးပြု၍ ဖြတ်သန်းနေပြီဖြစ်ရာ လာမည့်ဇွန်လမှစ၍ ယာဉ်ငယ်များပါ (iPay)ကတ်ဖြင့် ဖြတ်သန်းနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးတင်ကိုကိုက ဆက်လက်ပြောကြားသည်။ မန္တလေး- လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသော ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များမှ ယာဉ်မောင်းများက အိုင်ပေးကတ် (iPay)ဖြင့် ငွေပေးချေရခြင်းဖြင့် အချိန်ကုန် သက်သာကြောင်း ပြောဆိုကြသည်။ " iPay ကတ်နဲ့ တိုးဂိတ်ဖြတ်သန်းရမယ်ဆိုတာကို ကြိုဆိုတယ်။ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်း မကြာခဏ ယာဉ်ကြောပိတ်တာကို ဖြေရှင်းနိုင်မယ်လို့လဲထင်တယ်။ အချိန်နဲ့သွားလာနေရတာဆိုတော့ ၅ မိနစ်လောက် စောင့်ရတာလည်း အချိန်ကုန်တာပဲလေ။ ကားတစ်စီးချင်း ငွေသားပေးနေတာထက် အိုင်ပေးကတ်နဲ့ ဆိုတော့ ပိုမြန်တာပေါ့"ဟု မေရှိုးမန်းခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်မောင်း ကိုရင်လှက ပြော ကြားသည်။ ဇွန်လကစ၍ ပြည်ထောင်စုလမ်းပိုင်းတွင် သွားလာနေသော မော်တော်ယာဉ်ငယ်များအားလုံး iPay ကတ်ဖြင်သာ ဖြတ်သန်းရတော့မည်ဖြစ်၍ ယာဉ်မောင်းများသိရှိနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေးမည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။ "မေလထဲမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေအသိပေးမှာပါ။ ဇွန်လမှာတော့ သွားလာနေတဲ့ ယာဉ်အားလုံး iPay ကိုပဲ အသုံးပြုရမှာပါ။ iPay တစ်ခုအတွက် ကနဦးမှာ ကျပ် ၅ဝဝဝဝ ပေးသွင်းရပါမယ်။ နောင်မှာတော့ ၁ဝ,ဝဝဝ ဖြစ်စေ ၅,ဝဝဝ ဖြစ်စေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်ဓဟု အဆိုပါကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုက ထပ်လောင်းပြောကြားသည်။ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် တိုးဂိတ် ၁၄ ခုရှိရာ ၎င်းတို့အနက် မန္တလေး- ပြင်ဦးလွင်လမ်းပိုင်းရှိ အုံးချော တိုးဂိတ်၊ မန္တလေးမြို့ရှိ ကျောက်ချောတိုးဂိတ်၊ ကျောက်မဲမြို့ရှိ ကျောက်မဲတိုးဂိတ်၊ လားရှိုးမြို့တွင် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်နှင့် မူဆယ်မြို့တွင် မူဆယ် ၁ဝ၅ မိုင်တိုးဂိတ်တို့၌ အိုင်ပေးကတ်များအား အလွယ်တကူ ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်တစ်စီးတွင် အသုံးပြုနေသော iPay ကတ်ဖြင့် အခြားမော်တော်ယာဉ်အတွက် အသုံးပြုခွင့် မရှိကြောင်းလည်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။ The Voice Weekly

No comments: