Thursday, April 28, 2016

ဥရုချောင်းထဲက အငြင်းပွားဖွယ် ကျောက်စိမ်းတူးဖော်မှုကြီး ...

ဥရုချောင်းထဲက အငြင်းပွားဖွယ် ကျောက်စိမ်းတူးဖော်မှုကြီး ...

ဖားကန့်မြို့နယ် ဖားကန့်ကြီးမှော်နားမှာ ကျောက်စိမ်းနဂါး ကုမ္မဏီက ဥရုချောင်းဧရိယာထဲမှာ သွပ်တွေကာပြီး  ကျောက်စိမ်းတူးနေခြင်းဟာ အကျည်းတန် အရုပ်ဆိုးလှပါသည် ။ ဥရုချောင်းဟာ ကျောက်စိမ်းတူးဖော်ရေး  ကုမ္မဏီများကြောင့် ၂၀၀၃ ခုနှစ်မှ စတင်ပျက်လာခဲ့တာပါ ။၂၀၀၇ ခုနှစ်များတွင် အဆိုးရွားဆုံးရေကြီးရေလျှံမှုတွေ ဖြစ်ပြီး လူနေရပ်ကွက်တွေပါ ပျောက်သွားခဲ့ပါတယ် ။ ဒီလို ဒေသခံတွေ အတိဒုက္ခရောက်နေချိန်မှာ ဘယ်ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများကမှ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ကူညီပေးတာမျိုးတွေ မရှိခဲ့ပါဘူး ။ဒီနေ့အချိန်ထိလည်း မရှိပါဘူး ။ဥရုချောင်းကို ပျက်စီးအောင် လုပ်ခဲ့တဲ့  အဓိက တရားခံဟာ ဖားကန့်ဒေသကို သက်တမ်း(၃) ဆက် ထမ်းဆောင်ခဲ့တဲ့  ဗျူဟာမှူးကြီး ဦးတင်ရှိန်ပါပဲ ။ဒုတိယ တရားခံဟာ ထိုစဉ်က ကျောက်စိမ်းရုံး ( လုံးခင်း ) တွင် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုများဖြစ်ပါတယ် ။ ထိုစဉ်က ဥရုချောင်းထဲကို ကုမ္မဏီတွေက  စွန့်ပစ် မြေစာစွန့်ပစ်ခွင့်ရဘို့ ဗျူဟာမှူးဦးတင်ရှိန်ကို  သီးသန့် သိန်းရာပေါင်းများစွာ ပေးခဲ့ရတယ်လို့ ကုမ္မဏီအသိုင်းအဝိုင်းက သိရပါတယ် ။ ကျောက်စိမ်းရုံး( လုံးခင်း ) ကို ဘယ်လောက် ပေးရတယ် ဆိုတာကိုတော့  ပြောမသွားပါဘူး ။

   အခုကိစ္စကိုလည်း  ကြည့်မယ်ဆိုရင် အရင်ခေတ်နဲ့  ဘာများကွာနေပြီလည်းဆိုတာ  မေးခွန်း ထုတ်စရာပါ ။ဘယ်သူ့ကိုမှ ဂရုမစိုက် ။ ထင်ရာလုပ်နေတဲ့ ခရိုနီတွေနဲ့ အာဏာရှင် မိုးကျရွှေကိုတွေရဲ့ လုပ်ရပ်ပါ ။ဥရုချောင်းပျက်စီးလို့ ပြည်သူတွေ နှစ်စဉ် ဒုက္ခရောက်နေတာကို သိနေပါရက်နဲ့ ဥရုချောင်း အတွင်းမှာ ဒီလို ကျောက်စိမ်းတူးဖော်ခွင့် ပြုနေခြင်းဟာ နှစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ( သတ္တုတွင်းဝန်ကြီးဌာန နှင့် ကျောက်စိမ်းနဂါးကုမ္မဏီ ) ပြည်သူ နဲ့ လက်ရှိ အစိုးရသစ်ကို မထီမဲ့မြင် ပြုရာရောက်နေပါတယ် ။

    ဥရုချောင်းကို ချောင်းရှင်းလင်းရေး လုပ်ဟန်ပြကာ  ရေကြောင်းလွှဲပြီး ကျောက်စိမ်းတူးနေခြင်းဟာ အင်မတန်မှ ဂုဏ်သိက္ခာမဲ့တဲ့  လုပ်ရပ်ပါ ။ဒီလို လုပ်နေတာကို သိနေရက်နဲ့ လာရောက်စစ်ဆေးတာမြစ်ခြင်း မလုပ်တဲ့ ကျောက်စိမ်းရုံး ( လုံးခင်း) က တာဝန်ရှိသူတွေဟာလည်း  တော်တော် တာဝန်မဲ့လွန်းပါတယ် ။သတ္တုတွင်း ဝန်ကြီးဌာနက ဒါကို တရားဝင် လုပ်ကွက်ချပေးခဲ့တယ်ဆိုရင်တော့ မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနဆိုတဲ့  အဖွဲ့အစည်းကြီးဟာ  တော်တော်ကို သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်တယ်လို့ပဲ  မြင်မိပါတယ် ။ ဒီလိုအဖွဲ့အစည်းမျိုးကို ကျနော်တို့ပြည်သူတွေ ဘယ်လိုမှ အသိအမှတ် မပြုနိုင်ပါဘူး ။မြန်မာ့သတ္တုဥပဒေမှ ပြဌာန်းထားတဲ့ မြစ်ချောင်းများနှင့် ကိုက်တစ်ရာမှာ လုပ်ကွက် ချထားပေးခွင့်မပြုရဘူးဆိုတာကို လုံးဝ ချိုးဖောက်နေတာကို တွေ့ရပါတယ် ။ ဒါကြောင့် ယခုလုပ်ရပ်အား သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး  ပွင့်လင်မြင်သာစွာ ဖြေရှင်းပေဘို့  လိုအပ်နေပြီဆိုတာကို အကြံပြု  တင်ပြလိုက်ရပါတယ် ။

ဇော်မိုးထက် ( ၂၇.၄.၂၀၁၆ )

No comments: