Tuesday, April 26, 2016

ကျနော် လေးစားရတဲ့ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဦးရွှေမန်းသို့ အိတ်ဖွင့် ပေးစာ ပါ ။

ကျနော် လေးစားရတဲ့ ဒေါက်တာ ရန်မျိုးသိမ်းရဲ့

ဦးရွှေမန်းသို့  အိတ်ဖွင့် ပေးစာ ပါ ။

သူရဦးရွှေမန်းသို့အိတ်ဖွင့်ပေးစာ

လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျကနေ သူ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ အနားပေး တဲ့အကြောင်းကြားစာကို ဧပြီလ (၂၂)ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ နောက်သူနဲ့အတူ၊ အနားပေးခံရတဲ့သူတွေဟာ
ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအဝင် ပါတီဝင်(၁၇)ဦး ဖြစ်တယ်လို့သိရကြောင်းလည်း ရေးသားခဲ့ပါတယ်။

အဲဒီနောက် သူရဦးရွှေမန်းက ဤကိစ္စအတွက် အများပြည်သူ၏ ထင်မြင်ယူဆချက်၊ သဘောထားအမြင်နှင့် မိမိခံစားမှုနီးစပ်မှုရှိပါသည်လို့ ထပ်ရေးပါတယ်။ အများပြည်သူလို့ဘယ်လိုအကြောင်းကြောင့် ပိုင်ပိုင်နိုင်နိုင်သုံးရတာလဲ၊ အများပြည်သူရဲ့ထင်မြင်ယူဆချက်နဲ့သဘောထားအမြင် တွေက သူ့ခံစားမှုနဲ့နီးစပ်မယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ။ နားမရှင်းစရာပါ။ တကယ်တော့ ပြည်ခိုင်ဖြိုးပါတီကနေအနားပေးခံရတဲ့ သူရဦးရွှေ မန်းအပါအဝင်ပါတီဝင်အားလုံးနီးပါးဟာ အများပြည်သူရဲ့ထောက်ခံတာ၊ ရွေးချယ်တာကိုမခံခဲ့ရတဲ့ နိုင်ငံရေးအရှုံးသမားတွေပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူရဦးရွှေမန်းဟာ သူ့ရဲ့ဇာတိမြေဖြူးမြို့မှာတောင် အပြတ်အသတ်ရှုံးနိမ့်ခဲ့တာပါ။ အများပြည်သူက သူ့ကိုပြန်နေရာမပေးချင်ဘူး ဆိုတာ အထင်အရှားပါ။ အဲဒီလိုပဲ မဲဆန္ဒရှင်အများပြည်သူဟာ သိသာမြင်သာတဲ့အပြောင်းအလဲအတွက် ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေ၊ ကိုယ်စား လှယ်တွေကို အစိုးရတွေ၊ လွှတ်တော်တွေထဲကနေ လက်သန်းနဲ့တောက်ထုတ်ခဲ့တာပါ။ အဲဒါကြောင့် သူရဦးရွှေမန်းဟာ သူ့ကိုပြည်ခိုင်ဖြိုးပါတီက အနားပေးတဲ့ကိစ္စကို အများပြည်သူရဲ့ထင်မြင်ယူဆချက်၊ သဘောထားအမြင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ကိုယ့်ကိုယ်ကိုစန်းတင်မယ်ဆိုရင် အခြေ အမြစ်ကင်းမဲ့လွန်းမှာဖြစ်ပါတယ်။

တကယ်တော့ သူရဦးရွှေမန်းအပါအဝင်ပါတီဝင်(၁၇)ဦး အနားပေးခံရတဲ့ကိစ္စဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ပါတီတွင်းကိစ္စသက်သက်ပဲလို့ယေ ဘုယျဆိုရမှာပါ။ မဲဆန္ဒရှင်အများပြည်သူဟာ သူရဦးရွှေမန်းကို လွှတ်တော်ထဲမှာမမြင်ချင်လို့ မရွေးချယ်ခဲ့တာဆိုတော့ကာ၊ လွှတ်တော်ထဲတောင်မရှိ စေချင်တဲ့လူ ကို ပြည်ခိုင်ဖြိုးပါတီကအနားပေးပေး၊ မပေးပေး စိတ်ဝင်စားမှာတော့မဟုတ်ပါဘူး။ ဒီကိစ္စကိုပုံကြီးချဲ့ပြီး၊ အများပြည်သူစိတ်ဝင်စား အောင်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုစန်းတင်မယ်ဆိုရင် ရှေ့လျှောက်ပို၍ပို၍ရှုံးနိမ့်လာနိုင်ပါတယ်။ အများပြည်သူလူထုကတောင် လက်မခံတဲ့၊ မရွေးချယ် ခဲ့တဲ့ သူရဦးရွှေမန်းနဲ့ပြည်ခိုင်ဖြိုးပုဂ္ဂိုလ်ဟောင်းတွေဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာသာပေးမှုနဲ့နေရာပေးမှုတွေကြောင့် နေရာတွေရကာ၊ ရွေးကောက်ပွဲမှာခွပ်ခွပ်လန်အောင်ရှုံးပေမယ့်၊ လွှတ်တော်ထဲမှာ ဟန်မပျက်၊ ခေါင်းမော့၊ ရင်ကော့နေနိုင်တာပါ။ တကယ်တော့ အများပြည်သူဟာ သူရဦးရွှေမန်းကို လုံးဝမထောက်ခံ၊ မယုံကြည်ပါ။ ထိုနည်းတူ သူ့လုပ်ဖော်ကိုင်ဖက်များကိုလည်း လုံးဝမထောက်ခံ၊ မယုံကြည်ပါ။

နောက် သူရဦးရွှေမန်းရေးတဲ့သူ့ရဲ့နိုင်ငံရေးခံယူချက်က ပြည်သူ့ဘဝလုံခြုံ
ရေး၊ ပြည်သူကောင်းစားရေး နှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသတဲ့။ အဲဒီနိုင်ငံရေးခံယူချက်အတိုင်း ပါတီဝင်ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ပါတီကိုကိုယ်စားပြုပြု၊ မပြုပြု၊ ပြည်သူ့အကျိုးအတွက် ဆက်လက်ဆောင်ရွက်သွား ပါ့မယ်တဲ့။ နိုင်ငံရေးခံယူချက်မှာ ဒီမိုကရေစီနဲ့ဆက်စပ်တဲ့၊ ဒီမိုကရေစီအပြောင်းအလဲနဲ့တိုက်ရိုက်ဆက်စပ်တဲ့ အသုံးအနှုန်းမျိုးလုံးလုံးမတွေ့ရဘဲ၊ ကြီးကြီးကျယ်ကျယ်တွေပြောပြီး၊ ပြည်သူကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးလှည့်ကွက်တွေလို့ပဲမြင်ပါတယ်။

သူရဦးရွှေမန်းဟာ တကယ်ပဲပြည်သူ့ဖက်ကမားမားမတ်မတ်ပြောင်းလဲရပ်တည်ဖို့ ရိုးသားတယ်ဆိုရင်၊ ပထမဦးဆုံး ကိုယ်လုပ်ခဲ့တဲ့အလုပ် တွေအပေါ်မှာ ပြန်ဆန်းစစ်သုံးသပ်နိုင်ဖို့လိုအပ်မယ်ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကြောင့် အများပြည်သူဒုက္ခသုက္ခရောက်ခဲ့ရတာတွေ၊ ဘဝပျက်ခဲ့ရ တာတွေ၊ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရတာတွေကို ပြန်စဉ်းစား၊ ဆန်းစစ်၊ သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီနောက် ကိုယ့်အမှားတွေ၊ ကိုယ့်အလွဲအချော် တွေ၊ ကိုယ့်အပြစ်တွေကို ပြန်မြင်လာအောင် ဆင်ခြင်နိုင်ရပါမယ်။ အများပြည်သူအပေါ်မတော်ပြုခဲ့တဲ့ကိစ္စတွေအတွက် သူကိုယ်တိုင် ဝန်ချတောင်းပန် ဖို့လိုအပ်ပါတယ်။ မှားခဲ့တာကိုမှားခဲ့တာမှန်းသိကာ၊ နစ်နာခဲ့တဲ့သူတွေကို ဝန်ချတောင်းပန်နိုင်မှသာ ပြည်သူ့ဘက်တော်သား၊ ပြုပြင်ရေးသမားအဖြစ် သတ်မှတ်နိုင်မယ့် ပထမဆုံးတံခါးချပ်ကို တွန်းဖွင့်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုမှားမှန်းမသိ၊ ကိုယ့်အပြစ်ကိုယ်မမြင်၊ တောင်းပန်ဖို့ဆိုတာဝေလာဝေးတဲ့သူ ကို ဘယ်လိုလုပ်၊ အများပြည်သူဖက်ရပ်မယ့်သူလို့ ယုံကြည်ရမလဲကို နားမလည်နိုင်ပါ။

အများပြည်သူဟာ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ဖြစ်၊ ပါတီဝင်မဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြုပြု၊ ကိုယ်စားမပြုပြု လုံးဝစိတ်မဝင်စားပါ။ အများပြည်သူက ပြည်ခိုင်ဖြိုးပါတီအကွဲအပြဲအလားအလာနဲ့ဆက်စပ်လို့သာ စိတ်ဝင်စားတာဖြစ်ပါတယ်။ နောက်စိုးရိမ်နေတာ က သူရဦးရွှေမန်းနဲ့အပေါင်းအပါတွေ ဒီချုပ်ပါတီထဲ မျက်စိလည်လမ်းမှားချင်ယောင်ဆောင်ပြီး၊ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာကိုပါ။ တကယ် တော့ ဖြစ်စဉ်တွေကိုကြည့်ရင်၊ သူရဦးရွှေမန်းကို ပါတီကအနားပေးလို့ ပြည်ခိုင်ဖြိုးပါတီကွဲစရာမရှိသလောက်ပါ။ နောက် သူရဦးရွှေမန်းကလည်း ပါတီတွင်းမှာထင်သလောက်အားမကောင်းတာကလည်း ထည့်စဉ်းစားရမယ့်အခြေအနေပါ။ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက သူရဦးရွှေမန်း ကို ပြည်ခိုင်ဖြိုးပါတီကနေ အနားပေးတာဟာ သူနဲ့ဒေါ်အောင်ဆန်းစုကြည်အကြားဆက်ဆံရေးပိုကောင်း၊ ပိုခိုင်အောင်တွန်းပို့လိုက်တာဖြစ်နိုင်သလို၊  သူနဲ့သူ့အပေါင်းအပါတွေ ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်ပါတီတို့နဲ့ ပိုနီးစပ်အောင် တွန်းပို့လိုက်တဲ့သဘောလည်းဖြစ်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေအကြား၊ တမင်အကွက်ချစီမံထားတဲ့ မဟာဗျူဟာစီမံချက်ရဲ့အပိုင်းအစတစ်ခုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဲဒီအကွက်က တော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့နိုင်ငံရေးလမ်းပြမြေပုံထဲမှာပဲ ပိတ်မိနေအောင်၊ အဲဒီမြေပုံထဲကဖောက်မထွက်နိုင်အောင် မင်းသားအုပ်စု နဲ့ ဗီလိန်အုပ်စုခွဲဖန်တီးကာ ထိန်းချုပ်နိုင်ဖို့အားထုတ်တာဖြစ်နိုင်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက သူရဦးရွှေမန်းအပါအဝင်(၁၇)ဦးထုတ်ပယ်ခံရတဲ့ကိစ္စဟာ တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေနဲ့ညီညွှတ်သလား၊ မညီညွှတ်ဘူးလားဆိုတာ ဆန်းစစ်ရမှာက ကာယကံရှင်တွေနဲ့ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ပါတယ်။ အများပြည်သူရဲ့စိတ်ဝင်စားမှုရအောင်၊ အများပြည်သူရဲ့ ထောက်ခံမှုရရှိအောင် တစ်ဖက်လှည့်နဲ့ သုံးသပ်ဆုံးဖြတ်ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ရေးတာကတော့ အတော့်ကိုလွန်သွားပြီဟုဆိုနိုင်သည်။ အများပြည်သူက စိတ်မဝင်စားပါ။ သူရဦးရွှေမန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နေရာပေးတာကို အခွင့်ကောင်းယူကာ၊ အများပြည်သူရဲ့ ယုံကြည်၊ ထောက်ခံမှုကိုရနေတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီလိုလို၊ သူရဲကောင်းလိုလို ပုံဖမ်းမယ်ဆိုရင် မလျော်ကန်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်က နေရာပေးလို့ ငါဒီနေရာလေးကိုရတာပါလား။ ငါဟာငါ့ရဲ့ဇာတိချက်မြုပ်မြေမှာတောင် ခွက်ခွက်လန်ရှုံးခဲ့တာပါလား။ ငါ့ဇာတိကမဲဆန္ဒရှင်တွေက တောင် ငါ့ကိုမထောက်ခံပါလားစတဲ့အချက်တွေအပေါ်မှာ အနုလုံပဋိလုံ သတိကပ်ဆင်ခြင်နိုင်ဖို့လိုပါမယ်။

သူရဦးရွှေမန်းက ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာရှိလာနိုင်သည်ဟူသောယူဆချက်သည် ကြောင်းကျိုးခိုင်လုံမှုမရှိပါ။ အာဏာရပါတီမဟုတ်သည့်ပါတီတွင်းကပြဿနာသည် နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားကို ထိခိုက်စရာအကြောင်းလုံးလုံးမရှိဟုယူဆပါတယ်။ နိုင်ငံရေးမှာအရေးမလုပ်ချင်လို့၊ လူရာမသွင်းချင်လို့၊ ရွေးကောက်ပွဲမှာတောင် မဲမပေးခဲ့တဲ့သူတွေ သူတို့ပါတီထဲရှိရှိ၊ မရှိရှိ၊ အများပြည်သူကတော့ ဖုတ်လေတဲ့ငပိရှိလေတယ်လို့တောင်ထင်မှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။

အပြီးသတ်ပြောရရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်လိုက်တဲ့ သူရဦးရွှေမန်းနဲ့အပေါင်းအပါတွေကို နိုင်ငံရေးဂရုဏာသက်ကာ ဒီချုပ်ပါတီထဲမှာလက်ခံတဲ့အထိ မိုက်မိုက်မဲမဲ ဆုံးဖြတ်မယ်လို့တော့ လုံးဝမထင်ပါ။ အဲဒီလိုပဲ သူရဦးရွှေမန်းနဲ့အပေါင်းပါ တွေထဲကတစ်ချို့ကို လာမယ့် ၂၀၁၆ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်အလံအောက်က ဝင်ပြိုင်ခွင့်ပြုတာအထိ ရူးရူးမိုက်မိုက်ဆုံးဖြတ်မယ်လို့ တော့ လုံးလုံးမထင်ပါ။ နောက် အများပြည်သူကတောင် မကြိုက်လို့၊ မလိုလားလို့ ရွေးချယ်မခံရတဲ့ပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့ကိစ္စရော၊ လွှတ်တော် ကိစ္စမှာပါ သိပ်တွင်ကျယ်နေမယ်ဆိုရင် အမြီးအမှောက်မတည့်နိုင်ဘူးလို့ယူဆပါတယ်။ တကယ်ပဲတွင်ကျယ်နေသလားဆိုတာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရ၊ လွှတ်တော်နဲ့နီးစပ်သူတွေက ပိုသိမှာပါ။ ကျနော်ကတော့ရှင်းပါတယ်။ သူရဦးရွှေမန်းကို လုံးဝမယုံကြည်ပါ။ ဖြူးမြို့နယ် မဲဆန္ဒရှင်များနှင့်ထပ်တူ သူရဦးရွှေမန်းကို လုံးဝမထောက်ခံပါ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

No comments: