Friday, April 22, 2016

မန်မာနိုင်ငံ၏ စီးပွားရေး ၂၀၁၆ နှင့် ၂၀၁၇တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားပြီး အာရှနှင့် ပစိဖိတ်ဒေသ၌ အမြင့်ဆုံးနှုန်းဖြစ်မည်ဟု ADB ခန့်မှန်း ------ ------ ------ ------ ------

မြန်မာနိုင်ငံ၏ စီးပွားရေး ၂၀၁၆ နှင့် ၂၀၁၇တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားပြီး အာရှနှင့် ပစိဖိတ်ဒေသ၌ အမြင့်ဆုံးနှုန်းဖြစ်မည်ဟု ADB ခန့်မှန်း
------ ------ ------ ------ ------
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆ နှင့် ၂၀၁၇ နှစ်ဆန်းတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်း ကြောင်းနှင့် ယင်းမှာအာရှနှင့်ပစိဖိတ်ဒေသတွင် အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အာရှ ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်က ဖော်ပြသည်။

၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးနှင့် ပြုပြင်ပြောင်းလဲမှုများ စတင်ချိန်မှစပြီး မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှု အားကောင်းလာပြီး ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ် ဂျီဒီပီ ၆ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ ''၂၀၁၅ ခုနှစ် ဇူလိုင်၊ သြဂုတ် လများမှာ ဆိုင်ကလုန်းမုန်တိုင်းတခုနဲ့ ပြင်းထန်တဲ့ မုတ်သုန်မိုးများကြောင့် ရေကြီး၊ မြေပြိုမှုများ အကြီးအကျယ် ဖြစ်ပွားပြီး၊ လူ ၁၃၂ ဦး သေဆုံးကာ လူ ၁ ဒသမ ၆ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။ စိုက်ပျိုးမြေအားလုံးရဲ့ ငါးပုံတပုံပျက်စီးခဲ့တယ်'' ဟု အာရှဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် ၂၀၁၆ အစီရင်ခံစာက ဖော်ပြသည်။

စီးပွားအရ ထိခိုက်မှုဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပြီး ၎င်းသည် နိုင်ငံ့ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ဂျီဒီပီ ၏ ၃၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသော စိုက်ပျိုးရေးကဏ္ဍသည် အဆိုပါ သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် ထိခိုက်ပျက်စီးသည့်ဧရိယာများ ပြန်လည်တည် ဆောက်ရန်နှင့် သဘာဝဘေးဒဏ်ခံရသူများ သက်သာချောင်ချိရေးထောက်ပံ့ရန် အေဒီပီအပါအ၀င် နိုင်ငံတကာ ပါတနာများ၏ အကူအညီဖြင့် ကြိုးပမ်းခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းသည် နိုင်ငံ၏ ကျန်ရှိသော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကို အနည်းငယ်မျှသာ နှေးကွေးစေခဲ့သည်။ အထည်ချုပ်လုပ်ငန်းများ၏ ပြည်ပတင်ပို့မှု ၂၈ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၂ ဘီလီယံထိရှိခဲ့ သည်။ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှု အနည်းငယ်တိုးကာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၇ သန်း လာရောက်ခဲ့သည်။ ခရီးသွားများ၏ သုံးစွဲမှု ၁၉ ရာခိုင်နှုန်းတိုးတက်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံရှိခဲ့သည်။

စီးပွားရေးတိုးတက်ရန် အလားအလာ များ ကောင်းနေသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးအရ စိန်ခေါ်မှု များနှင့် ကြုံတွေ့နေရသည်။ အာရှနိုင်ငံများအားလုံး နည်းတူ မြန်မာနိုင်ငံသည် တရုတ်ပြည်တွင် စီးပွားရေး နှေးကွေးမှု၏ ဂယက်ရိုက်ခတ်မှု ကို ခံနေရသည်။ သို့သော် မြန်မာနိုင်ငံ သည် အိန္ဒိယ၊ ထိုင်း အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုနီးကပ်စွာလုပ်ခြင်းဖြင့် အဆိုပါဆိုးကျိုးကို လျော့နည်းစေခဲ့သည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် လူမျိုးရေးနှင့် ဂိုဏ်းဂဏတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသည်။ နိုင်ငံတ၀န်း အခြေခံအဆောက်အအုံ ခေတ်မီအောင်လုပ်ဖို့ လိုအပ်သည်။ အကျင့်ပျက်ခြစားမှုဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှု ဆက်လုပ်ရန်လိုအပ်သည်။ ပုဂ္ဂလိကကဏ္ဍတိုးတက်မှုနှင့် စီးပွားရေးကဏ္ဍမျိုးစုံရေး အားပေးရမည်ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံသည် ငွေဖောင်းပွမှုမြင့်တက်ခြင်းပြဿနာနှင့် ကြုံတွေ့နေရသည်။ ၂၀၁၅ ခုနှစ် သဘာဝဘေးမှ လယ်သမားများ ပြန်လည်ရုန်းထလာပြီး အခြေခံစားသုံးကုန်ပစ္စည်းများ ကျဆင်းလာ ဖွယ်ရှိသောကြောင့် လာမည့်နှစ်တွင် ငွေဖောင်းပွမှုကျဆင်းလာမည်ဟု မျှော်လင့်ရသည်။
''သဘာဝသယံဇာတများ တင်ပို့မှု၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးတိုးတက်မှုအမှီပြုနေပြီး စီးပွားရေးဟာနယ်ပယ်ကျဉ်းကျဉ်းလေးအပေါ်တွင် အခြေခံထားတယ်'' ဟု အာရှဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် ၂၀၁၆ အစီရင်ခံစာက မှတ်ချက်ပြုသည်။

ပြုပြင်ပြောင်းလဲမှုဆက်လုပ်ရန် အစိုးရသစ်၏ စွမ်းရည်ကဲ့သို့ အခြားစိုးရိမ်စရာများ အန္တရာယ်များ ဆိုးရွားသော ရာသီဥတုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း တိုင်းပြည်အတွက် အလားအလာများ ကောင်းနေကြောင်း ၂၀၁၇ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ၈ ဒသမ ၃ ရာခိုင်နှုန်းရှိနိုင်ကြောင်းနှင့် ၎င်းသည် အာရှတွင် အမြင့်မား ဆုံးနှုန်းများအနက် တခုဖြစ်နိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

Ref; (ADB)


No comments: