Monday, March 28, 2016

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဒေါက်တာညိုထွန်း ပြတ်ပြတ်သားသား ပြောပြီ'' -------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို
ဒေါက်တာညိုထွန်း ပြတ်ပြတ်သားသား ပြောပြီ''
-------------------------------------------------

ကျနော့်အနေနဲ့ သည်ကိစ္စဟာ ဒီချုပ်အတွက်ကော ဒေါ်အောင်ဆန်းစုကြည်အတွက်ကော ဘယ်လိုမှ သည်ဝန်ကြီးတွေကို ဆက်လက်ထားရှိဖို့ရန် ဆင်ခြေပြဖို့ လုံလောက်မှု မရှိနိုင်ကြောင်း ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်။ ကျနော်တို့ဟာ ဘာလို့ စစ်အာဏာရှင်စနစ်ကို တိုက်သလဲ၊ တပ်မတော်ကို မုန်းလို့လား။ ဦးအုန်းမြင့်လို ပါးလှည့်ရိုက်မယ်လို့ ရမ်းကားတဲ့ လူတွေကို မုန်းလို့လား၊ ဦးအုန်းမြင့်ထက် အပြောအဆိုရမ်းကား တဲ့လူတွေ အပြင်မှာ အများကြီးရှိတယ်။ တကယ်စဉ်းစားကြည့်ရင် ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တိုက်တယ်ဆိုတာ ‘အချောင်သမားစနစ်’ ကို တိုက်တာဖြစ်တယ်။ စစ်အာဏာရှင်စနစ်မှာ သည်လူတွေဟာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ရာထူး နေရာ အခွင့်အရေးတွေကို အချောင်ရယူကြတယ်။ လက်နက်ပြပြီး ဘာမဆို အချောင်ရတဲ့ စနစ်၊ အချောင်သမားတွေက အစိုးရဖြစ်တဲ့ စနစ်ပေါ့။ အဲသည်တော့ စနစ်ပြောင်းတယ်လို့ ဆိုပြီး ‘လက်နက်ပြ အချောင်သမားစနစ်’ က မပျောက်တဲ့အပြင် ‘ဘွဲ့အတုပြ အချောင်သမား စနစ်’ က ထပ်တိုးလာတယ်၊ ဒါကို ဒေါ်စုတို့ လူကြီးတွေက လက်ခံလို့ကာ တရားဝင် ဖြစ်စေတယ်ဆို ဒါဟာ ကျုပ်တို့ လူ့ဘောင်ဟာ ပိုဆိုးတဲ့ လမ်းကြောင်းကို ရောက်သွားတာပဲ ဖြစ်တယ်။

နောက်တချက်က ဘွဲ့အတုတွေကို ခုလိုမျိုး အသိအမှတ်ပြုခြင်းဟာ နဂိုကပင် အင်မတန်မှပင် အရည်အသွေးချို့တဲ့ ညံ့ဖျင်းနေတဲ့ ကျနော်တို့ရဲ့ ပညာရေးစနစ်ကို ကုန်းကောက်စရာ မရှိအောင် ပိုဆိုးသွားစေလိမ့်မယ်။ ဦးကျော်ဝင်း ဘာလို့ ဘွဲ့အတုကို ယူဖို့ ကြိုးစားသလဲ၊ ဘွဲ့အတုနဲ့ ဒေါက်တာဆိုပြီး ဘာလို့ ဆောင်းပါးတွေ ရေးရတာကို ဂုဏ်ယူခဲ့သလဲ၊ ပညာရေးစနစ်ဟာ အင်မတန် ဆိုးဝါးမွဲတေ နေလို့ ပေါ့။ သူပြောတဲ့ ကျနော်တို့မှာ ပညာရေးဆိုးလို့ သူ့မှာ သည် ပါရဂူဘွဲ့ကို အင်တာနက်ကဖေးကနေ ယူဖို့ ကြိုးစားတယ်လို့ ပြောပေမယ့် သည်လုပ်ရပ်ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ ပညာရေး အဆင့်အတန်းကို ထပ်မံပြီးတော့ အင်မတန် နိမ့်ကျသွားစေလိမ့်မယ် ဆိုတာကို သူသတိမမူဘူး။ နောက်ဆိုရင် ဗမာနာမည်နဲ့ ဒေါက်တာတွေဟာ လူလိမ်တွေချည်းပဲလို့ နိုင်ငံတကာက ထင်နေရင် နိုင်ငံတကာမှာ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ ဘယ်လိုလို့ သူများနဲ့ တန်းတူဝင်တိုး အလုပ်အကိုင် ရှာဖွေနိုင်မလဲ။

နောက်ပြီး သည်ဝန်ကြီးတွေရဲ့ လုပ်ရည်လုပ်သွေး နဂိုတော်တွေပါ၊ သူတို့ကို ပေးလုပ်ပါစေ၊ စောင့်ကြည့်ပါစေအုံး ဆိုတဲ့ ငြင်းခုံမှုဟာ မမှန်ကန်ဘူး။ တကယ်တော့ သည်ဝန်ကြီးတွေဟာ ဘာမှ လုပ်နိုင်တာ မဟုတ်၊ နိုင်ငံရဲ့ ထွက်ကုန်ဟာ နိုင်ငံတခုလုံးက ပြည်သူတွေရဲ့ လူ့စွမ်းအား ဥာဏအရင်းအမြစ်ပေါ်မှာပဲ မူတည်ပါတယ်။ ခင်ဗျားတို့ PhD အစစ်၊ ဦးကျော်ဝင်းတို့ထက် မိုးပျံမကတော်တဲ့ လူတွေကို ဝန်ကြီး သမ္မတတွေကို ခန့်အုံး၊ နိုင်ငံဟာ ပြည်သူတွေက မတော်ဘဲ ဘယ်လိုမှ တက်မလာဘူး။

ပထမတချက်က ဝန်ကြီးတွေကိုယ်တိုင်က ဘွဲ့အတုနဲ့ ဝန်ကြီးတွေ ဖြစ်နေတယ် ဆိုရင် တကယ်အရည်အချင်းရှိတဲ့ လူဟာ သည်ဝန်ကြီးတွေ လက်အောက်မှာ လာလုပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ဟာ ဦးကျော်ဝင်းကို တော်တယ်လို့ သတ်မှတ်ရင် သူ့ထက်အများကြီးတော်တဲ့ လူတော်လူကောင်းတွေ အများကြီးရဲ့ ကုန်ထုတ်စွမ်းအားကို လက်လွတ်ဆုံးရူံးရမှာ ဖြစ်တယ်။

ဒုတိယတချက်က သည်ဝန်ကြီးတွေကို ထားရှိခြင်းဟာ အချောင်သမားစနစ်ကို မှန်ပါတယ်လို့ တရားဝင်စေတာ ဖြစ်တယ်။ လူတွေရဲ့ ငါတို့တတွေဟာ တဦးချင်း အမှန်တကယ် တွန်းတွန်းတိုက်တိုက် ကြိုးစားလို့ သည်လောကမှာ မိမိအတွက် တကယ်ထိုက်တန်သော နေရာတနေရာကို ရစေမယ် ဆိုတဲ့ တက်ကြွအားသန် ရှာဖွေစူးစမ်းမှုတွေဟာ ဖြစ်ပေါ်လာတော့မှာ မဟုတ် –– “ဘွဲ့အတုလုပ်ထားလဲ NLD နဲ့ အဆင်ပြေရင် ပြီးတာပဲလေ” နိုင်ငံတခုလုံးက လူတွေဟာ ဒါမျိုး အာဏာလက်ဝယ်ရှိသူနဲ့ အဆင်ပြေဖို့ ကြိုးစားတဲ့ ဖော်လံဖားအချောင်သမား စနစ်နောက်ကို လိုက်ရင် သည်နိုင်ငံဟာ ဘယ်လိုလို့ တိုးတက်လာမှာလဲ။ အဲသည်တော့ နောက်ဆုံးပြောချင်တာက ခင်ဗျားတို့ဟာ စစ်အာဏာရှင်ကို ဖော်လံဖားတဲ့ စနစ်ကို မဖြိုနိုင်တဲ့ အပြင် ‘ဒီချုပ်ကို ဖော်လံဖားနိုင်ဖို့ပဲ လိုတယ်’ ဆိုတဲ့ စနစ်ဆိုး အသစ်တခုကို ထပ်လောင်းလို့ကာ မမွေးမြူကြပါနဲ့ လို့ ။

ဒေါက်တာညိုထွန်း

အကျယ်ဖတ်လိုပါက https://www.facebook.com/nyo.tun.5/posts/1714705292086679

No comments: