Sunday, March 27, 2016

ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝ

မြေးယောက်ျားလေးတစ်ဦးဟာ အဘိုးဖြစ်သူကို "ခုချိန်ထိ ဘိုးဘိုးနဲ့ ဘွားဘွား ပျော်ပျော်ရွှင်ရွှင်
နေနိုင်ကြတဲ့ လျှို့ဝှက်ချက်ကဘာလဲ" ဆိုပြီးမေးခွန်းထုတ် လိုက်ပါတယ်။

အဘိုးဖြစ်သူက "တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစား၊ ချစ်ခင်ပြီး တာဝန်တွေကို
ခွဲဝေယူကြတာကြောင့်ပေါ့ကွယ်"လို့ ပြောလိုက်ပါတယ်။

"အဲဒီလိုသာလုပ်နိုင်တယ်ဆိုရင် အချင်းချင်းကြားမှာ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး"
လို့လည်း ဆက်ပြောလိုက်ပြန်ပါတယ်။

မြေးဖြစ်သူက "အသေးစိတ်ရှင်းပြပါဦး.. ဘိုးဘိုးရယ်"ဆိုပြီး မေးလိုက်ပြန်ပါတယ်။

အဘိုးဖြစ်သူက "ဘိုးဘိုးက ကြီးကြီးမားမားကိစ္စတွေဆိုရင် ဆုံးဖြတ်ချက်ချပေးပြီး မင်းဘွားဘွား
ကတော့ အသေးအမွှားကိစ္စတွေကို သူကိုယ်တိုင် ပဲစီမံတယ်။ အဲဒီအပေါ် ဘိုးဘိုးအပေါ် ၀င်ရောက်
စွက်ဖက်တာမျိုး မလုပ်ဘူး"လို့ ပြောလိုက်ပါတယ်။

အဖိုးစကားအပေါ် ဘ၀င်မကျနိုင်သေးတဲ့ မြေးဖြစ်သူက "ဥပမာလေးနဲ့ ရှင်းပြပါဦး ဘိုးဘိုးရာ"လို့
ထပ်မေးလိုက် ပြန်ပါတယ်။

"ဘယ်လိုကားမျိုးဝယ်သင့်တယ်၊ ပိုက်ဆံဘယ်လောက် စုသင့်တယ်၊ ဘယ်နေရာကို ခရီးထွက်
မယ်၊ ဘယ်လိုဆိုဖာမျိုး၊ လေအေးပေးစက်၊ ရေခဲသေတ္တာမျိုးဝယ်သင့်တယ်၊ လစဉ်ဘယ်လောက်
သုံးမလဲ... အဲသလို ကိစ္စသေးသေးတွေကို မင်းဘွားဘွားက သူကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး
စီစဉ်တာပေါ့။ အဘိုးကတော့ သူ ဘာလုပ်လုပ် သဘော တူပေးရတယ်" လို့ အဘိုးဖြစ်သူက
ရှင်းပြလိုက်ပါတယ်။

"ဒါဆိုရင် ဘိုးဘိုးကရော ဘယ်လိုကိစ္စမျိုးတွေကို ဆုံးဖြတ်ချက်ချတာလဲ"လို့ မြေးဖြစ်သူက
မေးလိုက်ပါတယ်။

"ဪ.. ဘိုးဘိုးကတော့ အကြီးကြီးတွေကိုပဲ ဆုံးဖြတ်တာပေါ့။ အမေရိကန်က ဆီးရီးယားကို
တိုက်သင့်သလား၊ အီးယူအနေနဲ့ ဇင်ဘာဘွေအပေါ် ပိတ်ဆို့ထားတာကို ပယ်ဖျက်ပေးသင့်သလား၊
ခရစ်ကက်သမား တန်ဒူကာ အနားယူသင့်ပြီလားဆိုတဲ့ ကိစ္စတွေမျိုး ပေါ့။ မင်းဘွားဘွားကလည်း
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘိုးဘိုးဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ ဘယ်တော့မှ မကန့်ကွက်ဘူး"
လို့ အဘိုးဖြစ်သူက ဂုဏ်ယူဟန်နဲ့ ပြောလိုက်ပါတယ်။

No comments: