Thursday, February 25, 2016

ဘိန်းစိုက်ခင်း ဖျက်ဆီးရေးအပေါ် ချဉ်းကပ်မှု မတူညီ

ဘိန်းစိုက်ခင်း ဖျက်ဆီးရေးအပေါ် ချဉ်းကပ်မှု မတူညီ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးသူတွေကို အကာအကွယ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်တဲ့ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးရမယ်ဆိုတာ တူကြပေမယ့် ဘယ်လိုအကောင်အထည်ဖေါ်မယ်ဆိုရာမှာ လက်ရှိ ဘိန်းခင်းတွေကို ဖျက်ဆီးနေတဲ့ Pat Jasan ပတ်ဂျာဆန်အဖွဲ့လို လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးနဲ့ ပတ်သက်ပြီး သဘောထားမတူကြပါဘူး။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပတ်ဂျာဆန်အဖွဲ့ကို ထောက်ခံကြောင်းနဲ့ အဲဒီအဖွဲ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ ထိရောက်မှုရှိကြောင်း ထောက်ခံဆွေးနွေးပါတယ်။ ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာမှာ ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့၊ ဟန့်တားနှောင့်ယှက်သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အပြင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိမ်းထွဋ်က ဒေသခံတွေက အဲဒီလို တရားမ၀င် ဖွဲ့စည်းထားတဲ့အဖွဲ့က ဖျက်ဆီးတာကို လက်မခံကြောင်း တင်ပြလာတာတွေရှိတယ်လို့ ဆွေးနွေးပါတယ်။ ဘိန်းစိုက်တဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်ဖူးသူ မောက်မယ်မြို့နယ် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း က ဘိန်းခင်းတွေကို ဖျက်ဆီးရုံနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟာ ထိရောက်ပြီလား၊ ဘိန်းစိုက်ပျိုးသူ တောင်သူအများစုဟာ ထမင်းစားဖို့အတွက် စိုက်ပျိုးနေတာဖြစ်ပြီး အစားထိုးသီးနှံကိစ္စတွေကို မစဉ်းစားသင့်ဘူးလား စသဖြင့် မေးခွန်းထုတ်ပါတယ်။ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ခင်းအကျယ်အ၀န်းဟာ ဧကသောင်းချီရှိတယ်လို့သိရပြီး တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ခြယ်လှယ်ထားတယ်လို့ ဆွေးနွေးတာလည်း ရှိပါတယ်။ ကိုယ်စားလှယ်အများစု ဆွေးနွေးရာမှာ လူငယ်တွေဟာ မူးယစ်ဆေးဝါး သံသရာထဲမှာ မျောနေကြရပြီး ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးဟာ တမျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ဖို့ကို တိုက်တွန်းကြပါတယ်။ အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန ၁၃ ခုကို ဖိတ်ကြားခဲ့ပေမယ့် ပြန်လည်ရှင်းလင်းဆွေးနွေးတာ မရှိတာကြောင့် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲခံယူရာမှာ ထောက်ခံသူများတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။

No comments: