Friday, February 26, 2016

အစိုးရသစ်ထံမှ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် တောင်းခံမည်ဟု ဟိုတယ်လုပ်ငန်းရှင်အသင်းဆို

အစိုးရသစ်ထံမှ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် တောင်းခံမည်ဟု ဟိုတယ်လုပ်ငန်းရှင်အသင်းဆို Friday, February 26, 2016 တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်းရှိ ဟိုတယ်ဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို အစိုးရသစ်လက်ထက်တွင် တိုးမြှင့်ပေးရန် တောင်းခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်းများအသင်း နာယကဒေါက်တာဦးခင်ရွှေက ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်က Dolphin Restaurant တွင်ကျင်းပသော မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းသားစုံညီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “တိုင်းနှင့်ပြည်နယ်အလိုက် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှုဖြစ်စေမယ့် နေရာတွေကို ဖွံဖြိုးတိုးတက်ဖို့ လုပ်ရမယ်။ ဒီလိုလုပ်ရင် ဒေသခံတိုင်းရင်းသားတွေ ပထမဆုံး အကျိုးခံစားရမှာပါ။ ဒါက ဆင်းရဲမွဲတေမှု ပပျောက်နိုင်မယ့်အချက်ပါ။ လက်ရှိမှာက ဟိုတယ်လုပ်ငန်း အတွက် နိုင်ငံတော်အသုံးစရိတ်က မရှိသေးဘူး”ဟု ၄င်းကဆိုသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနအနေနှင့် အဆိုပါကဏ္ဍ အသုံးစရိတ်အတွက် ဝ ဒဿမ ဝ၂ ရာခိုင်နှုန်းသာ သုံးစွဲထားပြီး ဟိုတယ်ဇုန်များ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ် မရှိသေးကြောင်း ၄င်းက ပြောကြားသည်။ ဟိုတယ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ် တောင်းခံနိုင်ရန် ဟိုတယ်ဇုန်အလိုက် ဒေသအတွင်းရှိ နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်သော နေရာများကို အဆင့်မြှင့်တင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဇုန်မှ လုပ်ငန်းရှင်များက ယင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်များကို စုစည်တင်ပြရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ “ခရီးသွားဧည့်သည်တွေ ပိုလာဖို့ ပရိုမိုးရှင်းကဏ္ဍတွေ လုပ်ဆောင်သွားဖို့ လိုတယ်။ အဆင့်အတန်းမီတဲ့ ဒေသဖြစ်ဖို့လိုတယ်။ဒါတွေလုပ်ဆောင်တဲ့အခါ ကုန်ကျစရိတ်တွေကို ဟိုတယ်ဇုန် လုပ်ငန်းရှင်တွေ ကျွန်တော်ဆီ စာရင်းလာတင်ပါ။ လိုတဲ့ငွေပမာဏတွေကို အစိုးသစ်ထံ တောင်းခံပေး ပါမယ်”ဟု ၄င်းကဆိုသည်။ လာမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း AECတွင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအနေနှင့် ဈေးကွက်လက်ဦးမှု ရယူထားသင့်ပြီး တိုင်းရင်းသား လုပ်ငန်းရှင်အချင်းချင်း ကူညီထောက်ပံ့ရန်လိုအပ်ကာ ဈေးကွက်မြှင့်တင်ရေး ကို လုပ်ဆောင်သင့်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်သွင်က ပြောကြားသည်။ “ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီအသင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းအောင်မြင်ဖို့ ဝန်ဆောင်မှုကောင်းဖို့လိုတယ်။ ဒီအတွက်သင်တန်းတွေမှာ နိုင်ငံခြားက ပညာရှင်တွေ ပို့ချပေးနေ ပါတယ်”ဟု ၄င်းကဆိုသည်။ ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင် ဟိုတယ်ဇုန် ၁၉ ဇုန်ရှိပြီး ၂ဝ၁၆ခုနှစ် ဇန်နဝါရီလတွင် ကချင်ဟိုတယ်ဇုန်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ကို အသစ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်းများ အသင်းထံမှ သိရသည်။ The Voice Weekly

No comments: