Thursday, February 25, 2016

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တပ်မတော်လက်မခံသလို ၄င်းအဖွဲ့အား အကာကွယ်ပေးရေး အဆို ဆွေးနွေးရာတွင် အစိုးရမှ လာရောက်ဖြေရှင်းခြင်း မရှိ

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တပ်မတော်လက်မခံသလို ၄င်းအဖွဲ့အား အကာကွယ်ပေးရေး အဆို ဆွေးနွေးရာတွင် အစိုးရမှ လာရောက်ဖြေရှင်းခြင်း မရှိ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ ကချင်ပြည်နယ်အတွင်း ဘိန်းခင်းများဖျက်ဆီးမှုတွင် ဥိးဆောင်နေသည့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့ကို တပ်မတော်မှ လက်မခံ အသိမှတ် မပြုသလို အဆိုပါအဖွဲ့အား အကာကွယ်ပေးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆွေးနွေးရာ အစိုးရအဖွဲ့မှလည်း လာရောက်ဖြေရှင်းခြင်း မရှိခဲ့ပေ။ ကချင်ပြည်နယ် အခြေစိုက် စစ်ဗျုဟာမှူးမှ ဘိန်းခင်းများ ရှိသည့် ဆဒုံး ကန်ပိုက်တီနယ် မော်စီတုန်းရွာသိသွားရောက်ညှိနှိုင်းရာ နိုင်ငံတော် မှ ဖွဲ့စည်းပေးထားသည့် ဘိန်းခင်းဖျက်အဖွဲ့ကိုသာလက်ခံမည် ဖြစ်ပြီး ခရစ်ယာန်ဘာသာရေးနှင့် လူထုအခြေပြု ဘိန်းခင်းဖျက်အဖွဲ့အား လက်မခံကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းထွန်းက ဆိုသည်။ ကချင်ပြည်နယ်တွင် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အဖွဲ့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးရန် သွားရောက်ရာလမ်းတွင် ပိတ်ဆို့တားဆီးခြင်း၊ သေနတ်၊ ဗုံးများဖြင့် တိုက်ခိုက်ခံရခြင်းများကြောင့် ယင်းအဖွဲ့ အားအကာအကွယ်ပေးရန် အစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၃ ဦးတို့ဆွေးနွေးခဲ့သည်။ “မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းတဲ့ လုပ်ငန်းကို အုပ်ချုပ်တဲ့အစိုးရနဲ့ ပြည်သူလူထုပူးပေါင်းဆောင်ရွက်ရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး” ဟု မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် ကပြောသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းချခြင်းနှင့် ဘိန်းစိုက်ပျိုးခြင်းများသည် UNODC ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင် အာဖဂ္ဂနစ္စတန်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အများဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည် ဟု မိုင်းပန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက ဆိုသည်။ လွှတ်တော်အတွင်းဆွေးနွေးမှုများ ပြုလုပ်သည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပင် ကချင်ပြည်နယ် ဆဒုံးကန်ပိုက်တီ နယ်သို့ ဘိန်းခင်းဖျက်ရန် သွားရောက်သူများမှာ လက်ပစ်ဗုံးအပါဝင် တုတ် ၊ ဓါးလက်နက်များဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ “အစိုးရအနေဖြင့် ထုတ်လုပ်သူကို မတားဆီးနိုင်၊ ဘိန်းခင်းများ မဖျက်ဆီးနိုင်၊ ရောင်းချသူများ မဖမ်းဆီး သုံးစွဲသူ များကိုသာ ဖမ်းဆီးတာကိုတွေ့ရပါတယ်၊ မူးယစ်ဆေးဝါးဟာ အခုဆိုရင် စာသင်ခန်းတွေထဲအထိ ရောက်နေတာ တွေ့ရပါတယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင် ဆွေးနွေးသည်။ ယခု တိုက်ခိုက်မှုများ ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည့် ၀ိုင်းမော်မြို့နယ်မှာ အစိုးရ အုပ်ချုပ်မှုအောက်တွင်ရှိနေသောကြောင့် ဘိန်းဖျက်သည့်အဖွဲ့အား ကာကွယ်စောင့်ရှောက်ရန် အစိုးရတွင် တာဝန်ရှိကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်မှလည်း ဆွေးနွေးခဲ့သည်။ ယင်းအရေးကြီးအဆိုအား လွှတ်တော်ကိုယ်စားများဆွေးနွေးပြီး အစိုးရအဖွဲ့ သက်ဆိုင်ဝန်ကြီးဌာနများအား လွှတ်တော်သို့လာရောက်ဖြေရှင်းရန် အကြောင်းကြားစာပို့ထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိခဲ့ပေ။အစိုးရအဖွဲ့မှ လာရောက်ဖြေရှင်းခြင်းမရှိသော်လည်း လွှတ်တော်၏ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများအ ရ ဆက်လက်ဆောင်ရွက်ပြီး အဆိုအတည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောသည်။ ကိုပေါက်

No comments: