Friday, January 29, 2016

ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ ရွှေဈေးပို၊ဈေးကွက်အတွင်းဝယ်လိုအား ကျ ၍ပြန်ရောင်းလိုအားမြင့်မား

ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ ရွှေဈေးပို၊ဈေးကွက်အတွင်းဝယ်လိုအား
ကျ ၍ပြန်ရောင်းလိုအားမြင့်မား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ရန်ကုန် ဇန်နဝါရီ ၂၈

ဇန်နဝါရီ ၂၇ ရက်က ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ ရွှေဈေးပို၍ မြင့်နေသည်။ ထို့အတွက် ရန်ကုန်ရွှေဈေးကွက် အတွင်း ရွှေဆိုင်များတွင် ဝယ်လိုအားကျဆင်းနေပြီး ဝယ်ယူ ထားသူများက ပြန်ရောင်းလိုအားမြင့်မားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအေးချို(စမ်းချောင်း)က မြန်မာ့အလင်းသို့ ပြောသည်။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်း ရွှေဈေးကွက်အဖွင့်၌ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၁၉ ဖြင့် စဖွင့်ခဲ့ပြီး မြန်မာ့ရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၇၇၉၅ဝဝ ဖြစ်ခဲ့သည်။ ညနေ ဈေးကွက်ပိတ်ချိန်၌ ကမ္ဘာ့ရွှေဈေး တစ်ဒေါ်လာသာကျခဲ့ သော်လည်း မြန်မာ့ရွှေဈေးမှာ ကျပ် ၇၇၆ဝဝဝ ဖြစ်သွား၍ နံနက်နှင့် ညနေ ငွေကျပ် ၃၅ဝဝ ကွာခြားခဲ့သည်။ ယခုလ အတွင်းရွှေဈေးနှုန်းကိုကြည့်ပါက ယင်းဇန်နဝါရီ ၂၇ ရက် သည် ဈေးနှုန်းအမြင့်ဆုံးအဖြစ် စံချိန်တစ်ခုဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာ့ရွှေဈေးမှာ ဈေးကွက်ပိတ်ချိန်၌ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၁၈ ဖြစ်၍ ငွေကြေးလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၉၄ ကျပ် (အနီးစပ်ဆုံး)ရှိ၍ မြန်မာ့ရွှေဈေး (အခေါက်) တစ်ကျပ်သားလျှင် ငွေကျပ် ၇၇၆ဝဝဝ ရှိခြင်း ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် တွက်ချင့်ပါက မြန်မာ့ရွှေဈေး သည် တစ်ကျပ်သားလျှင် ငွေကျပ် ၇၇၁၅ဝဝ (အနီးစပ်ဆုံး ဈေး) ရှိရမည်ဖြစ်သော်လည်း ငွေကျပ် ၇၇၆ဝဝဝ ဖြစ် နေသည့်အတွက် ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ရွှေဈေးက ငွေကျပ် ၄၅ဝဝ ပိုများနေကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ရွှေဈေးကွက် အဖွင့်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁ဝ၆၂ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၄၄၅ဝဝ ဖြစ်၍ ဈေးကွက် အဖွင့်နှင့် အပိတ်မှာ ငွေကျပ် ၇ဝဝ သာလျှင် ကွာခြားမှုရှိ ခဲ့သည်။

တစ်ဖန် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်က ရွှေဈေး ကွက်အဖွင့်၌ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁ဝ၆၁ ဒေါ်လာဖြင့် စခဲ့ပြီး မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၇၄၃ဝဝ ရှိနေသည်။ ယင်းနေ့သည် စနေနေ့ဖြစ်၍ ကမ္ဘာ့ရွှေဈေးကွက်ပိတ်သည့်အတွက် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲမရှိသော်လည်း မြန်မာ့ရွှေဈေးကွက်ပိတ် ချိန်၌ ငွေကျပ် ၇၄၃၂ဝဝ ဖြစ်သွားခဲ့သည်။ ယင်းနေ့အတွက် ကွာခြားချက်မှာ ငွေကျပ် ၂ဝဝ သာလျှင်ဖြစ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဗဟိုအလုပ်အမှုဆောင် ဦးအေးချို(စမ်းချောင်း)က ''ရွှေ ဈေးကွက်ရဲ့ သဘောတရားအရ ဈေးကျလာရင် ရွှေဆိုင် တွေမှာ ဝယ်လိုအားကျလာတတ်တယ်။ ဈေးတက်လာရင် ဝယ်ထားတဲ့သူတွေက ပြန်ရောင်းလိုအား ပိုများလာလေ့ရှိ ပါတယ်။ အခုမြန်မာ့ရွှေဈေးကလက်ရှိ ကမ္ဘာ့ရွှေဈေး ထက် ငွေကျပ် ၅ဝဝဝ လောက်ပိုများနေတယ်။ တကယ်လို့ ကမ္ဘာ့ရွှေဈေးတက်မယ်ဆိုလည်း အများကြီးမတက်နိုင်ဘူး။ ကမ္ဘာ့ရွှေဈေးကျလာရင်တော့ မြန်မာ့ရွှေဈေးက လိုက်ကျ လာနိုင်ပါတယ်'' ဟု သုံးသပ်ပြောကြားသည်။

သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ပုံပုံ


No comments: