Saturday, January 23, 2016

အမြီးအမောက်မက တောင်ပံနဲ့ ခြေထောက်ပါလွဲနေကြပြီ

အမြီးအမောက်မက တောင်ပံနဲ့ ခြေထောက်ပါလွဲနေကြပြီ
------ ------ ------ ------ ------
လောကကြီး အမြီးအမောက်မတည့်တာတွေက အများသားကလား။ တာမွေကျောက်မြောင်းဘက်ရောက်တဲ့အခါ ဆိုင်းဘုတ်တခု သတိထားမိတယ်။ ဖြတ် သွားဖြတ်လာများလို့ပေါ့လေ။ ကျောက်မြောင်းဈေးမှတ်တိုင်နဲ့ တာမွေဈေးမှတ်တိုင်ကြားမှာ ကျောက်မြောင်းဈေး ဘက်ကသွားရင် ကျားကွက်သစ်လမ်းထိပ်မရောက်ခင်လေးမှာ ဆိုင်းဘုတ်က အပေါ်ထပ်ကတခု၊ အောက် ထပ်ကတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြေညီထပ် အပေါ်ပိုင်းနဲ့ ပထမထပ်ဝရန်တာ အောက်ခြေ ဆိုတော့ တဆက်တစပ်တည်းဖြစ်နေတာတော့ အမှန်ပဲ။ ပထမထပ် ၀ရန်တာအောက်ခြေက ဆိုင်းဘုတ်ပေါ်မှာ ကလျာဏဆိုတဲ့ စကားလုံးကြီး အကြီးကြီးရေးထားတယ်။ မြေညီထပ်အပေါ်ပိုင်းမှာကျ အ၀ါနဲ့အနက်ကြား အမိုး ခုံးလေးပေါ်မှာ Grand Royal တဲ့၊ ကလျာဏ Grand Royal ပေါ့နော်၊ မောင်မှန် မျက်လုံးပြူး ရပါတယ်။ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်းတို့၊ ကလျာဏပုထုဇဉ်တို့သာ ကြားဖူးပါတယ်၊ ဘယ့်နှယ် ကလျာဏ Grand Royal ရယ်လို့ ခက်လိုက်ပုံများ၊ စာဖတ်ပရိသတ်ကြီးလည်း အဲဒီအနားရောက်ရင်ကြည့်ကြည့်ပါ။ အသေအချာ တွေ့ရမှာဖြစ်ပါတယ်။ (ကဗျာဆရာကြီး မောင်ချောနွယ် ကဗျာထဲ ထည့်ရေးဖူးတဲ့ ပျော်ရွှင်မှုကို ဒေါ်ကျင်ပု မှာရှာမယ်ဆိုတဲ့ ဒေါ်ကျင်ပု အရက်ဆိုင်နားမှာပါ။) ကလျာဏ Grand Royal ဆိုင်ဟုတ်မဟုတ်ကိုတော့ ကိုယ်တိုင်ဝင်ရောက် အားပေးခြင်းဖြင့်သာ သိနိုင်မှာပါခင်ဗျာ။

အမြီးအမောက်မတည့်ပုံ နောက်တမျိုးကလည်း စိတ်မကောင်းစရာ၊ မင်္ဂလာဈေးကြီးကို ကိုရွှေမီးက ဒုတိယမ္ပိ ခြေဦးလှည့်ခဲ့လေတော့ ရှိသမျှ အလုံးစုံကုန်ကြပြန်ပါရော။ အချိန်မတော် ဂဟေဆော်ရာကနေ စဖြစ်တယ်ဆိုပဲ။ မင်္ဂလာဈေးလျှပ်စစ်တာဝန်ခံနဲ့ ဂဟေဆော်သမားတွေကို ဖမ်းဆီးတရားစွဲပါတယ်။ ဒါပေမဲ့ မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးခင်လှိုင်(ဇောတိက)ကတော့ တကယ်တာဝန်အရှိဆုံးဟာ မြို့တော်စည်ပင် (ဈေးများဌာန)ပဲလို့ ပြောကြားသွားပါတယ်။ ဈေးထဲမှာ တပ်ဆင်ထားတဲ့ အလိုအလျောက် မီးသတ် ကိရိယာကလည်း အစစ်မဟုတ်ဘူးလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ထားပါတော့၊ မောင်မှန် အဓိကပြောချင်တာ အဲဒါမဟုတ်ဘူး။ တခုခုဖြစ်ရင် ကိုယ်မဟုတ်တဲ့တရားခံရှာပြရတဲ့ကိစ္စဟာ မြန်မာပြည်မှာ ရိုးလှပါပြီ။

မကြာခင် တနေ့သား မီးလောင်ပြီးစ ဈေးကြီးနားက မောင်မှန်ဖြတ်သွားတော့ လူအတော်စည်ကား နေတာတွေ့ရတယ်။ လမ်းတလျှောက် ရဲလုံခြုံရေးတွေကိုတွေ့ရပြီး ဈေးထဲက အသံချဲ့စက်နဲ့အော်နေသံလည်း ကြားရတယ်။ ဆိုင်ခန်းနံပါတ်တခုချင်းအော်ပေးပြီး တဆိုင်ကိုတယောက် ပဲဝင်ကြပါတဲ့။ မီးလောင်ထားတဲ့ဈေး ထဲကို အခုမှ အခန်းရှင်တွေကို ပေးဝင် နေတာပဲလို့ မောင်မှန်သဘောပေါက်သွားတယ်။ စည်ကား နေတဲ့လူအုပ်ကြီးကို မောင်မှန် လေ့လာကြည့်လိုက်တော့ ဆိုင်ပိုင်ရှင်လို့ ယူဆနိုင်တဲ့ သားသားနားနား တောက် တောက်ပြောင်ပြောင် ၀တ်စားထားတာ အများစုက တရုတ်နဲ့ကုလားချည်းပဲ။ သူတို့ချင်းလည်း သိန်းရာချီတဲ့ ဘောဂဗေဒစကားတွေ မိုးမွှန်အောင် ပြောဆိုဆွေးနွေးကြလို့ပေါ့။ ဗမာတွေလည်း မတွေ့ဘူးမဟုတ်။ တွေ့ပါတယ်။ အပေါ်ပိုင်းဗလာကျင်း (ဒါမှမဟုတ်) စွပ်ကျယ်နဲ့ အောက်ပိုင်းဘောင်းဘီတိုနဲ့ အထမ်းသမားတွေလေ။ သူတို့လည်း များပါတယ်။ (မီးထဲမပါတဲ့အခန်းတွေက ပစ္စည်းတွေကို သက်ဆိုင်ရာက ယူခွင့်ပြုလို့ခေါ်ထားဟန် တူပါတယ်။)

မောင်မှန်လည်း ဒီဈေးရဲ့ပိုင်ရှင်အစစ်တွေကို မီးဘေးသင့်မှတွေ့ဖူးတော့တာ။ ကိုယ့်ဟာကိုယ်ကတော့ ဒီဈေးထဲ တခါမှမ၀င်ဖူးပါဘူး။ မောင်မှန်တို့ အမျိုးသားစီးပွားရေး ဖွံဖြိုးတိုးတက်နေပုံကို ဈေးမီးလောင်မှသာ အထင်အရှား တွေ့ရတော့တာပါ ခင်ဗျာ။ အမျိုးသားအကျိုးစီးပွား တည်ဆောက်ဖို့ တရုတ်၊ ကုလားဆိုင်ခန်းတွေ ၀င်လုစို့လို့ မောင်မှန်လှုံ့ဆော်နေတာတော့ မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားဆက်ဆံဖို့ ဆော်သြနေတာလည်း မဟုတ်ပါဘူး။ ပြည်တော်ဝင်သီချင်းထဲကလို ဖြစ်ဟဲ့ဆိုဖြစ်ရမယ်တဲ့။ တက်ခေတ်လူများ အားအင်တောင့်တင်းစေဆိုပြီး ဗမာပြည်သည် တို့ပြည်ဖြစ်ရလေအောင် ကိုယ့်အမျိုးသားများကို ကြိုးစားဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါသည်။
နောက်ကြားရပြန်တဲ့ အမြီးအမောက်မတည့်မှုက လက်ပံတောင်း ၀မ်ပေါင်က ခင်ဗျ။ ၀မ်ပေါင် ကုမ္ပဏီ အလုပ်ကြီးကြပ်ရေးမှူးက မြန်မာအမျိုးသမီးဝန်ထမ်းတယောက်ကို အလုပ်မဆင်းလို့ဆိုပြီး အလုပ်ခွင်ထဲမှာ သုံးရက်ဆက်တိုက် မတ်တတ်ရပ်ပြစ်ဒဏ်ပေးသတဲ့။ (မောင်မှန်တို့ ငယ်ငယ်က စာသင်ခန်းထဲမှာ မတ်တတ်ရပ် ပြစ်ဒဏ်ပေးခံရတာထက် အများကြီးဆိုးတာပေါ့။)

တခါ မြိတ်မြို့မှာ ထိုင်းနိုင်ငံသားကြီးကြပ်ရေးမှူးက မြန်မာအမျိုးသမီးအလုပ်သမားတဦးကို ပါးရိုက်မှုကျူးလွန် ပြန်တယ်။ အလုပ်သမ ပြောတာက ''အလုပ်ချိန်မှာ ဧည့်သည်လာလို့ စကားခဏပြောတယ်။ ဒါကို ကြီးကြပ်ရေး မှူးက ဓာတ်ပုံရိုက်တယ်။ တခါတရံဧည့်သည်လာရင် ခဏတာ လက်ခံစကားပြောရတာပဲ။ ဘာကြောင့် ကျွန်မ ကိုမှရွေးပြီး ဓာတ်ပုံလိုက်ရိုက်ရတာလဲလို့ မေးတာကို သူက ကျွန်မကို လူတွေရှေ့မှာ ပါးရိုက်လိုက်ပါတယ်''တဲ့။
ဟုတ်တော့ ဟုတ်နေကြတာပဲ။ သူနိုင်ငံသားက ကိုယ့်မြေ ကိုယ့်ရေကိုလာပြီး ကိုယ့်လူမျိုးကို ဆော်ပလော် တီးတာ ကျွန်သပေါက်ဘ၀ကို မှန်းဆလွမ်းတစရာပါ။ ကိုရွှေဝမ်ပေါင်က အင်္ဂလိပ်နဲ့ဆင်တယ်။ သူတပါးကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ မကြိုးစားဘူး။ ပညာသားပါတယ်၊ လိမ္မာပါးနပ်တယ်၊ ဆရာကြီးကျတယ်။ လက်ဖျားနဲ့တို့စရာမလိုဘဲ တဖက်သားကို ပညာရှိနှိပ်စက်နည်းနဲ့ ပညာပေးတတ်တယ်။ ကိုရွှေထိုင်းကတော့ နီပွန်မာစတာတွေကို အောက်မေ့ဖွယ်ရာ ပါပဲ။ ခူရကားဘာကဲရိုးဆိုပြီး ပါးတွေ၊ နားတွေ ပိတ်ပက်ရိုက်တာ သီဟတင်စိုးကားတွေထဲမှာ မောင်မှန် ခဏခဏကြည့်ဖူးတယ်။ မျက်မှန် ၀ိုင်းဝိုင်းကြီးတပ်ပြီး ဓားရှည်ကြီး ခါးမှာချိတ်ထားတဲ့။ ဂျပန်ဗိုလ်ကြီးတွေ အတိုင်းကို ရွှေထိုင်းက မြန်မာအမျိုးသမီးကို ပါးရိုက်တယ်။ လက်လွန် ကြက်သွန်ပါ ခင်ဗျာ။ လက်ရဲဇက်ရဲ ရှိလိုက်ကြပုံများ မှတ်ကရောပဲ။ မောင်မှန်တို့အမျိုးသားတွေ သူများနိုင်ငံ အလုပ်သွားလုပ်တော့လည်း အနိုင်ကျင့်ခံရ၊ အနှိမ်ခံရ၊ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်တော့လည်း နိုင်ငံခြားသားက ဒီအတိုင်းလုပ်ပြန်တာပဲ။ အမြီးအမောက်မတည့်ရုံတင်မဟုတ်ဘူး။ တောင်ပံနဲ့ ခြေထောက်ပါလွဲသလို ဖြစ်နေကြရပြီ။ ကိုရွှေဝမ်ပေါင်ကို တရားစွဲထားတယ်လို့သိရပြီး ကိုရွှေထိုင်းကိုတော့ အလုပ်ကထုတ်ပစ်လိုက်ပြီ လို့ သိရပါတယ်။ တရားပဲစွဲစွဲ၊ အလုပ်ပဲထုတ်ထုတ် လူမဆန်တဲ့ ကိစ္စတွေကို သူတို့က ကျူးလွန်ပြီးခဲ့ပါပြီ။

ဒီကိစ္စ မောင်မှန်ကတယ် - မကျေနပ်လှဘူး။ ကျူးလွန်ခံရသူတွေ ကိုယ်စား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်မလား စဉ်းစားတယ်။ တလောက ကျောင်းသားတွေအရိုက်ခံရတဲ့ကိစ္စကို လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်တာဖတ်ရတယ်။ ဥပဒေဘောင်ကိုကျော်ပြီး နှိပ်ကွပ်တဲ့ ရဲတွေ ကို အရေးယူသင့်ပါတယ်တဲ့။ မောင်မှန် စိတ်ထဲမတော့ ဒါဟုတ်ပြီပေါ့။ ဒါပေမဲ့ ခုထိ ဒီတိုင်းပါပဲ။ အဖက်လည်း မလုပ်၊ အရေးလည်း မယူပါဘူး။ ဒီလိုနေရာမျိုးတိုင်လို့လည်း နေရာမကျပါဘူးလို့ တွေးမိပြန်တယ်။
ဒါဖြင့် မောင်မှန်တို့ သမ္မတကြီးကိုတိုင်မယ်။ ကွမ်းယာသည်လည်း တိုင်၊ ဆိုက်ကားသမားလည်း တိုင်၊ ပြည်သူ အားလုံး တိုက်ရိုက်တိုင်လို့ရတဲ့ သမ္မတကြီးကို သူတို့ကိုယ်စားတိုင်ဖို့ မောင်မှန်ဆုံးဖြတ်တယ်။ ဒါပေမဲ့ သမ္မတကြီးက တိုင်စာလက်မခံတော့ဘူးတဲ့။ Daily Eleven မှာ ဖတ်ရတယ်။ သမ္မတရုံးလိပ်စာနဲ့ တိုင်စာပို့လို့ မရတော့ဘူးတဲ့။ သမ္မတကြီးလည်း ပြောင်းလဲခါနီးဆိုတော့ စိတ်ရှုပ်လို့နေမှာပေါ့။ အင်းပေါ့လေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကို တပ်မတော်နဲ့ TNLA (တအာင်း)ပလောင်အဖွဲ့တို့ တိုက်ပွဲစတင်ဖွင့်လှစ်တဲ့ အခါ သမယကြီးမို့လား၊ မောင်မှန် နားလည်ပါတယ်။

မောင်မှန်


No comments: