Friday, January 29, 2016

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ် အမျိုးသား တဦး ထံ ယွမ် ၁၅,၀၀၀ ဖြင့် ရောင်းစားခဲ့သူကို ဖမ်းဆီးရမိထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ် အမျိုးသား တဦး ထံ ယွမ် ၁၅,၀၀၀ ဖြင့် ရောင်းစားခဲ့သူကို ဖမ်းဆီးရမိထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။
“အခုလက်ရှိ အနေအထားမှာတော့ ကောင်မလေးကို ကယ်ဆယ်နိုင်ခြင်း မရှိသေးဘူး။ အမျိုးသမီးငယ်လေးကို ကယ်နိုင်ဖို့ မြန်မာနိုင်ငံ ဘက်က လွယ်ဂျယ်မှာရှိတဲ့ နယ်စပ်ဆက်ဆံရေး အရာရှိရုံးနဲ့ တရုတ်နိုင်ငံကျန်းဖုန်းက နယ်စပ်ဆက်ဆံရေး အရာရှိရုံးက တာဝန် ရှိသူတွေ ပူးပေါင်းပြီးရှာဖွေနေပါတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းနိုင်က ပြောသည်။

ဝိုင်းမော်မြို့နယ်မှ လူကုန်ကူးခြင်းခံခဲ့ရသူ အမျိုးသမီးငယ်၏ ဖခင်က ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၆ ရက်က မြစ်ကြီးနားတွင်ရှိသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၈)သို့ လာရောက်ပြီး သူ၏သမီးငယ်ကို အလုပ်လုပ်ရန် လိမ်လည်ခေါ်ဆောင် သွားသူတဦး မြစ်ကြီးနားသို့ ရောက်ရှိနေသည်ဟု တိုင်တန်းသဖြင့် တိုင်တန်းခံရသူ မခါးပါ (ခ) ခမ်းမာခါးပါ ရှိရာနေရပ်သို့ တာဝန်ရှိသူများက သွားရောက်ခေါ်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်ဆေးတွေ့ရှိချက်အရ ၂၀၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက မခါးပါ(ခ) ခမ်းမာခါးပါသည် ယခု လူကုန်ကူး ခံရသည်ဟု ဆိုသော ၁၀ တန်းကျောင်းသူ အသက် ၁၈ နှစ် အရွယ် မိန်းကလေးငယ် အား တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အထည်ဆိုင်တွင် တလ လုပ်အားခ တရုတ် ယွမ်ငွေ ၁,၀၀၀ မှ ၁,၅၀၀ အထိ ရရှိမည်ဟု စည်းရုံး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနောက် တရုတ်နိုင်ငံ ရွှေလီမြို့အရောက်တွင် တရုတ်အမျိုးသား တဦးထံ ယွမ် ၁၅,၀၀၀ ဖြင့် ရောင်းစားခဲ့သည်ကို သိရှိပြီး မခါးပါ (ခ) ခမ်းမာခါးပါ အား တိုင်တန်းသဖြင့် မြစ်ကြီးနားမြို့ မြို့မရဲစခန်းက ၎င်းအား ပြစ်မှု နံပါတ် ၂၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားကာ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရသူ အမျိုးသမီး ၁၈၈ ဦး ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးခံရသူ အမျိုးသမီး ၂၄၃ ဦး ရှိကြောင်း သိရသည်။

လူကုန်ကူးခံရသူ အများဆုံး ပို့ဆောင်ခြင်းခံရသည့် နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ လူကုန်ကူးခံရသည့် အမှုအမျိုးအစားများထဲတွင် အဓမ္မလက်ထပ်ခြင်း အမှုသည် ၂၀၁၄၊ ၂၀၁၅ ခုနှစ် ၂ နှစ်တာ လုံးတွင် အများဆုံး ဖြစ် ကြောင်း တွေ့ရှိရသည်။


No comments: