Friday, January 22, 2016

“ပညာရေးစစ်တမ်း - ပညာရေးမူးလား၊ ပညာရေးမှူးလား”

“ပညာရေးစစ်တမ်း - ပညာရေးမူးလား၊ ပညာရေးမှူးလား”
------ ------ ------ ------ ------
ကျွန်တော်ကတော့ ပညာရေး'မူး'ဖြစ်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တွေနှင့် တွေ့သိကြားမိသမျှသည်လည်း ကျွန်တော်နှယ်တည်း။ မူးသည် ဆိုရာမှာ ယမကာ၊ အသပြာ၊ အာဏာ၊ ပါဝါပြီးတော့။
ဖြစ်ခဲ့သည့်နှစ်က ၁၉၉၆။ ဦးသန်းရွှေ ဘုန်းမီးနေလတောက်ချိန်။ အာဏာရှင်စနစ် အမြစ် တွယ်ရှင်သန်ကြီးထွားချိန်။ သေဆိုသေ ရှင်ဆိုရှင် အာဏာရှင်ခေတ် ညစ်ပတ်ဗိုလ်ကျ အဓမ္မစိတ်ဓာတ်ကို နယ်ပယ်အသီးသီးမှာ လောင်မြိုက်ကူးစက်နေလေရာ တိုင်းပညာရေးမှူး (DEO) က တိုင်းမှာ အာဏာရှင်၊ မြို့နယ်ပညာရေးမှူး (TEO) က မြို့နယ်မှာ၊ ကျောင်းအုပ်ကြီးက ကျောင်းမှာ၊ ဆရာဆိုသူတွေက အတန်းထဲမှာ။ အာဏာရှင်တို့ သဘာဝ မူးစရာ မှန်သမျှ မူးကြရာ ချာလပတ် ရမ်းခဲ့ကြ၍ သမိုင်းမှတ်တမ်း ဖြစ်ရသည်။

''ရောက်၊ သောက်၊ ငေါက်၊ ယူ၊ ပြန်သောသူ'' ဟူသည့် ခေတ်သစ်စကားထာကိုဖော်ရလျှင် 'ပညာရေးမှူး'သည် အဖြေမှန် ဖြစ်သည်။ ကျောင်းစစ်ဖို့ရောက် လာသည်။ DEO တို့ဆိုလျှင် Black (သို့) Red။ TEO နယ်ဆင်းလျှင် မင်းသားကြီးအကယ်ဒမီ မြတ်လေး၏ကပြားမလေး။ လ/ထ မြို့နယ်ပညာရေးမှူး (ATEO) အတွက် အမက တွေက တွံတေး သိန်းတန်၏ သာဒင်(သို့)ထွေးညိုအဆင့်ပိုတက်လျှင် ၀ီစကီ။ ရီတီတီ ဖြစ်လာပြီးနောက် ငေါက် သည်။ နိုင်ငံတော်အကြီးအကဲတွေက ပညာရေးကို အလွန်စေတနာထားတာ တိုင်းပြည်ကြီးကို တိုးတက်စေချင် တာ။ ဒါအကောင်အထည်ဖော်ရမယ်” တာဝန်ညွှန်သလို ကြားသလို စားဝါးပြန် သွားတော့လက်ဆောင်ယူ စစ်ဆေးရေးရဲ့မူ။ တခါ စစ်ရင်းဆေးရင်း အဆောက်အအုံ ပြင်ဆင်၊ ပြောင်းရွှေ့ခန့်ထား၊ 'ဟ' ကြောင်းများ ဖောက်။ ပို့ဆွမ်းခံဆွမ်း စွမ်းလေလေ လွမ်းမပြေစရာတွေ။ ရှာဖွေလေတွေ့ရှိလေ။ ဦးမျိုး(မကွေး)က ၂/၂၀၁၅ ပညာခေတ်မှာ ပညာရေးမှူးတို့စားပုံစားနည်း တင်ပြထားပုံမှာ ''တချို့နယ်မြေ ATEO တွေက ကန်တော့ငွေယူ တယ်။ ကြွေကျတဲ့ အသီးထဲက စားတယ်။ ခြွေခူးပြီးမစားဘူး။ တချို့က ဘယ်လောက်ဆို တောင်းယူတယ်။ TEO အချို့က တပည့်စာရေးအချို့နဲ့ပေါင်းပြီး ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းယူကြတယ်''

တိုင်းစစ်ဆေးရေးမှာပါစဉ် TEO တယောက် လာဘ်စားမှု စစ်ရသည်။ အပြောင်းအရွှေ့မှာ ငွေပေးပြီးမပါသော ဆရာတို့က အထောက်အထား ခိုင်လုံစွာတိုင်သည်။ စစ်ဆေးဆိုသည် အပြစ်ပေးချင်လည်းရ အပြစ်ဝေးချင် လည်းရသည်။ သည်တော့ TEO လွတ်စေရန် တိုင်ကြားသူများကို ကျွန်တော်စစ်ခဲ့ပုံကြည့်ပါ။ ''လာဘ်ပေး လာဘ်ယူမှာ ပေးသူကော ယူသူပါ အရေးယူနေတယ်ဆိုတာ ဆရာတို့သိသလား။ ယူသူကို အပြစ်ပေး ရမှာဖြစ်သလို ပေးသူကိုလည်း ချန်ထားလို့မရဘူးနော်'' ဤအစပျိုးနှင့်ပင် တိုင်ကြားသူတို့ ပန်လန်လက်ပြီ။ တိုင်သူတို့ အမှုပြန်မပတ်ရန် ဒုတိယစစ်မေးသူက ''အဲ မြန်မာဓလေ့မှာ ကြီးသူကို ဂါရ၀တရားနဲ့ ကန်တော့ တာတော့ လာဘ်ပေးတယ် မမည်ဘူး'' တိုင်သူတို့ရူးမသွားစေရန် တယောက်တမျိုး TEO အကျိုးအတွက် အကွက်ကျကျဆောင်ရွက်ခဲ့သည့်ကာလက ၁၉၉၆။ ကျွန်တော်တို့သုံးယောက်အကျိုးအတွက် ဦးမျိုး(မကွေး) က တထွာပြထားလေရာ တတောင်တလံမြင်ကြည့်ပါလေ။ ၁၉၉၅ က တိုင်းတခုမှာ DEO တယောက်မူ၊ လယ်၊ ထက်ဆရာများ ပြောင်းရွှေ့ခန့်ထားမှုအတွက် ရုပ်ပျက်ဆင်းပျက် လာဘ်စားခဲ့၍ တတိုင်းလုံး ဟော်လေးတကြိုး။ တပြည်လုံး ဟိုးလေးမကျော်ရသည်က ထိုခေတ်က မီဒီယာမလွတ်လပ်၍ ဖြစ်သည်။

ဖြစ်ရပ်အားလုံးအတွက် အမည်နာမတိတိကျကျ ပြောပြနိုင်သော်လည်း နအဖခေတ်မှာ မသမာမှုကိစ္စတို့သည် တတိုင်းတည်း မဟုတ်။ တဦးတည်းလည်းမက အရှက်ကင်းစွာ ရဲတင်းကြသည့် အကြောင်းတွေ ပြန်ပြောင်း ကောက်ရသည်က ၂၀၁၆ အစိုးရသစ်ခေတ်မှာ စိတ်သစ်များဖြင့် ညစ်ထေးခဲ့သည့်ပညာရေးဌာနက ပြန်လည် လှပစေလို၍ ဖြစ်သည်။
ပညာရေးမှူးများကို ၁၉၇၄ မတိုင်ခင်က ပညာအုပ်၊ ပညာဝန်ဟု ခေါ်သည်။ အဏ္ဏ၀ါတွင် ပဲ့ကိုင်မာလိန်မှူးသည် အရေးကြီးသလို ပညာရေးတွင် ပညာရေးမှူးတို့သည် အလွန်အရေးပါသည်။ မိမိတိုင်းမှာ၊ မြို့နယ်မှာ ပညာရေး အခြေအနေ၊ ဆရာတို့အနေအထား၊ ပညာရှာကလေး လူငယ်တို့ဘ၀ မိမိအားနှင့် တတ်စွမ်းသမျှ ကူညီပေး ရေးသည် ပညာရေး အကြီးအကဲတို့ တာဝန်။ ကိုလိုနီခေတ်က အမျိုးသားပညာဝန် ဦးဖိုးကျား အမျိုးသား ကျောင်းများသို့သွားကာ အမျိုးသားပညာရေးမြှင့်တင်ပေးသည်။ လမ်းလွဲနေသော ကျောင်းသားကို တည့်မတ်ခဲ့ သည်။ သူ့ကိုယ်တွေ့ဝတ္ထုမှ မိတဆိုးရှင်ပြုတွင် ပြည်သူ့ဘ၀ကိုပင် ပညာဝန်က မျက်ခြည်မပြတ်ခဲ့။

ပညာရေးအကြီးအမှူးချုပ်မှာပညာရေးဝန်ကြီးဖြစ်သည်။ တက္ကသိုလ် ပါမောက္ခကြီးတို့သည်လည်း တက္ကသိုလ် ကျောင်းသားတို့၏ အကြီးအမှူးများပင်။ ဖဆပလခေတ်(၁၉၅၆-၅၇)က ပညာကိုတန်ဖိုးထားသော ပညာရေး အကြီးအမှူးတို့အကြောင်း သင့်ဘ၀မဂ္ဂဇင်းပါ ဆရာတင်မောင်သန်းနှင့် ဆရာကြည်အောင်တို့ရေး ဆရာကြီး ဦးတင်မိုး ရုပ်ပုံလွှာတွင် တွေ့ရသည်။ ပညာရေးဝန်ကြီးက ဦးသန်းအောင်၊ ပါမောက္ခက ဦးဧမောင် (တက္ကသိုလ် မောင်သန့်စင်)။ ၀န်ကြီးနှင့် ဆရာကြီးတို့က မောင်ဘဂျမ်းဆိုသော တောသားလေးကို ပြည်သူ့အတွက် ၂၁ ရာစု တော်လှန်စာဆိုဆရာကြီး(ဦး)တင်မိုးဖြစ်အောင် လမ်းပေါ်တင်ခဲ့သည်။ ရှင်းဆိုပြပါအံ့။ ၁၉၅၆ မှာ ရေစကြို အထကမှ မောင်ဘဂျမ်း ၁၀ တန်းဖြေရာ မြန်မာစာတွင် ဂုဏ်ထူးရထိုက်၍ စာစစ်သူဦးမောင်မောင်တင်က ပါမောက္ခ ဦးဧမောင်ထံ တင်ပြရသည်။

ပါမောက္ခက 'သိပ်ကောင်းလွန်းသည်' ဟု မှတ်ချက်ပေး၍ မောင်ဘဂျမ်းကို အလွန်မြင်ချင်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနှစ် နွေမှာ ပညာရေးဝန်ကြီး ဦးသန်းအောင် ရေစကြိုဘက် ကျောင်းစစ်ထွက်ရာ ပါမောက္ခက ခုံအမှတ် YZG 74 ကျောင်းသား သူ့ကိုလာတွေ့ရန် ၀န်ကြီးကို မှာလိုက်သည်။ ရေစကြိုသို့ ၀န်ကြီးရောက်လျှင် ပါမောက္ခမှာသည့်အတိုင်း ကျောင်းအုပ်ကြီးများကို ထပ်ဆင့်မှာသည်။
သို့သော် တောသားလေးမောင်ဘဂျမ်း ရန်ကုန်သို့လှမ်းရန် မစွမ်းနိုင်ပါ။ ဇဂျန်းကန်မြဲ သူ့ရွာမှာဆင်းရဲ မိသားစု၊ ဘ၀ကို အန်တုနေရသည်။ ထိုအခါ ပါမောက္ခဦးဧမောင်က ဦးမောင်မောင်တင်ကို ''မောင်ဘဂျမ်း ရန်ကုန် တက္ကသိုလ်ကို ရောက်မလာဘူး။ မင်းတို့မန္တလေးတက္ကသိုလ် လာသလား။ မရောက်သေးရင် လှမ်းခေါ်လိုက်။ သူကျောင်းနေနိုင်အောင် မင်းပဲတာဝန်ယူပါ''ဟု ဆိုမိန့်၍ ၁၉၅၇ မှာ မောင်ဘဂျမ်း မန္တလေး တက္ကသိုလ် ရောက်သည်။
မြန်မာစာရှေ့ရေးမြော်မြင်တတ်သော ပါမောက္ခ၊ မာနမထားတတ်သော ၀န်ကြီး၊ ဆရာ့စကားလေးစားသော ဦးမောင်မောင်တင်တို့ကျေးဇူးကြောင့် ယနေ့ကျွန်တော်တို့အပါအ၀င် သားမြေးမြစ်တို့ ၂၁ ရာစု ပြည်သူ့ စာဆို ဆရာကြီး(ဦး)တင်မိုး၏ ကဗျာရေကြည်သောက်သုံးနေရခြင်းဖြစ်သည်။ သာဓုစကား ထပ်ပြောကြားလိုပါသည်။

(၁) ပါမောက္ခတယောက်က ကျေးလက်တောသား၏ပညာကို အလေးထားခဲ့ခြင်း၊ (၂) တက္ကသိုလ်ပါမောက္ခက သူ့အထက်ဝန်ကြီးကို ခရီးကြုံစကားပါးရာ ၀န်ကြီးကလည်း အောက်လက်က မှာတာကိုပင် မပျက်မကွက် စကားလက်ဆင့်ကမ်းခဲ့ခြင်း၊ (၃) ပါမောက္ခက ထိုတောသား မလာသည်ကို လျစ်လျူမရှု။ တပည့် ဦးမောင် မောင်တင်ကို မရမနေခေါ်ခိုင်းရာ သူစင်တင်ပေးခဲ့သော ကျောင်းသားကို ပညာဆည်းပူးနိုင်အောင် ဆောင်ရွက် ပေးခဲ့ခြင်းတို့သည် ပညာပြည့်ဝနှလုံးလှသော ပညာရေး အကြီးအကဲတို့ စိတ်ထားဖြစ်သည်။ ထိုစိတ်ထားတို့ကို ၂၀၁၆ ပညာရေး တာဝန်ယူမည့်အဆင့်ဆင့်သော ပုဂ္ဂိုလ်တို့ မွေးမြူလိုက်နာစရာ ဖြစ်သည်။
န၀တ၊ နအဖ ဦးသိန်းစိန်အစိုးရခေတ် ပညာရေးဝန်ကြီး၊ ပါမောက္ခ၊ ပညာရေးမှူးတို့လို ပြုမူကျင့်ကြံလျှင်တော့ ပြည်မြန်မာလူထုမှာ ဒီတခါလည်း အသည်းကွဲရမည်သာ။

ပြည်သူ့ရင်ထဲ စွဲစွဲမြဲမြဲမရှိသော်လည်း (၂၆)နှစ်ကြာ မဆလခေတ် အဆင့်ဆင့်သော ပညာရေးအကြီးအကဲ တို့က ပြည်သူအသည်းကွဲအောင် မလုပ်ခဲ့ပါ။ လက်အောက်ငယ်သားတို့ပေါ်မှာထားသည့် စေတနာ တော်လှန် ရေးကောင်စီခေတ် တိုင်းပညာဝန်တို့ စံထားလောက်ပါသည်။ ''ဆရာကြီး ကျွန်တော်/ ကျွန်မ A မြို့ကပါ။ B မြို့မှာ နှစ်နှစ်ရှိပါပြီ။ ပြောင်းလိုပါတယ်'' ဘာလက်ဆောင်မှ ပါစရာမလိုပါ။ အပိုစကား မဆိုရ။ လက်အုပ်လည်း မချီရ။ ပြောင်းချိန်ကြလျှင် ပြောင်းရမည်။ မဆလ မွန်းတည့်ချိန် ၁၉၇၈ မှာ မူပြဖြစ်ဖို့ မျက်နှာချိုသွေး လာဘ်ပေး စရာမလို။ အရည်အချင်း တိုင်းဝင်ဖြေ။ တန်းဝင်၍ဖြစ်ခဲ့သည်။ ၁၉၈၄ BEd ၀င်ခွင့် ဘယ်အဆင့်မှ မကပ်မဖားရ။ တကယ်တော့ ပညာရေးမှူးတို့ ကျောင်းစစ်ခြင်းသည် ကျောင်းမှာ ဘာတွေလိုအပ်နေသလဲ။ ဆရာလား၊ ကျောင်းသားလား။ ဘာပံ့ပိုးရမည်လဲ။ ဘယ်လိုကူညီရမည်လဲ။ ကျောင်းချို့ယွင်း၍ စာမေးပွဲအောင်ချက်မြင့်၍ ဆရာတို့ကို မဆူမငေါက်ရ။ အပြစ်မပေးရ။ ဆရာတို့ ကြုံတွေ့ရသည့် ဒုက္ခများနာကြား။ စာနာထောက်ထား။ ကလေးတို့အပေါ် နာသုံးနာထားရန် မပြတ်တိုက်တွန်း။ အကျင့်ပျက်မှုကိုမူ ရှုတ်ချ။ အပြစ်ပေးဒဏ်ပေး ရှေ့ဆောင်ဖြောင့်လျှင် နောက်လိုက်မကောက်။ ကျွန်တော်တို့ ခေါင်လုံခဲ့သော ပညာရေးအကြီး အမှူးတို့အောက်မှာ ဆရာဘ၀ကို ရွှင်ပျော်စွာလျှောက်ခဲ့ရသည်။
၁၉၈၅ ၀န်ကြီး ဦးကျော်ငြိမ်းခေတ်မှာ မဆလ နေ၀င်ခါနီး- ပါတီကောင်စီမင်းမူမှု လွန်လာသည်နှင့် အချို့ TEO, DEO များ ဖောက်ပြားမှုစခဲ့သည်။ ၁၉၉၃ န၀တခေတ် DEO ဆရာကြီးဦးတင်မောင်ထံ ညောင်ကန် အလကကို တွဲ အထကဖြစ်ရန် လိုအပ်စာရွက်စာတမ်းတင်စဉ် ဆရာကြီးက ပြောသည်။ ''ပညာရေးဌာနကြီးတခုလုံး ပုရွက်ဆိတ်တွေ တက်ကုန်ပြီသား။ ဒါဘယ်လိုလုပ်မလဲ'' ဆရာကြီးက 'ခြ'တက်သည်ဟု မပြောပါ။ ထိုအမေးကို သူပင်ဖြေခဲ့သည်။

'ဗြဟ္မစိုရ်မိုးကြီးရွာမှရမယ်' ယခု မကွေးမြို့နယ် ထခွဲ ညောင်ကန်ဖြစ်ဖို့ ဆရာကြီးကို တစိုးတစိမျှ ကျွန်တော်တို့ မပေးရပါ။ ၁၉၉၆ ကျွန်တော် တိုင်းစစ်မှာ တွဲဖက်ကျောင်းတွေဖြစ်ရေး ကျွန်တော်တို့ကို မုန့်ပုံးပေး (မုန့်ဖိုးမဟုတ် မုန့်ပုံးထဲမှာ ဘာပါမည်လဲ တထွာပြထားသည်မဟုတ်လား မြင်ပါလိမ့်မည်။) သည်သို့ နအဖခေတ်ကြီးမှာ အဂတိ မိုးတို့ သဲသဲမဲမဲ မစဲဘဲသွန်းဖြိုးရာ သမ္မတကြီးဦးသိန်းစိန်က ထိုလာဘ်ပေးလာဘ်ယူစကားကို မကြားရစေရန် ဆောင်ရွက်ခဲ့သည်။

'သုံးသိန်းမကျော် လာဘ်မခေါ်ရ'ဟု သမ္မတ၏ ဓမ္မကိုကျော်သော အမိန့်မှာစကားက ၀န်ထမ်းခန့်ထား ပြောင်းရွှေ့လို သူတို့ထံမှ ဓားမြတိုက် ခွင့်လိုင်စင်ကို ဌာနဆိုင်ရာအကြီးအမှူးတို့ရကုန်ကြသည်။ တက္ကသိုလ်မှာ ကျူတာဖြစ်ရေးမှအစ အမကမှာ ထ/သနှင့် နေ့စားမလပြများခန့်ထားရေး ကျေနပ်အောင်ပေးလိုက်ကြပေရော့။ လုပ်ပိုင်ခွင့်ကို အာဏာဟုထင်မှု ခိုင်မြဲစေခဲ့သည်။ ထိုအခါ 'မှူး'ဖြစ်ရမည့်သူတွေ ဟထိုးပြုတ်၍ 'မူး'လာပြီး အသိ ပျက်၊ အကျင့်ပျက်၊ တာဝန်ပျက်ခြင်းနှင့် ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တွေ ပျက်ပြားခြင်းတို့ ဖြစ်ကုန်ကြသည်။ နိုင်ငံသည်လည်း အဂတိလိုက်မှုတန်းစီရာတွင် အဆင့်မနိမ့်ဘဲ one to ten ၀င်လာသည်။ ဗုဒ္ဓဘာသာနိုင်ငံတော်မှာ နိုင်ငံကိုတည်ဆောက်ရာတွင် ပြုပြင်ပေးရမည့် ပညာရေးဌာနကြီးက အကြီး အမှူးတွေကို ၂၀၁၆ မှာ မ'မူး'စေဘဲ အ'မှူး'ဖြစ်ဖို့ဆိုလျှင် ထိုပညာမှူးတို့၏ Mindset ကို အရင်ပြုပြင်ရပါမည်။ သူတို့မမူးဘဲ“'မှူး'နိုင်လျှင် ဆရာကောင်းတို့ အလိုလိုမွေးထုတ်ပြီးသား ဖြစ်ပါကြောင်း။

ကိုဌေး(နတ်မောက်)


No comments: