Monday, December 28, 2015

NLD ပါတီ ကိုယ်စားလှယ်လောင်းနှင့် ဦးစခုန်တိန့်ယိန်းတို့ အပြန်အလှန် ကန့်ကွက်လွှာတင်မှု ယနေ့စိစစ်မည်

NLD ပါတီ ကိုယ်စားလှယ်လောင်းနှင့်  ဦးစခုန်တိန့်ယိန်းတို့ အပြန်အလှန် ကန့်ကွက်လွှာတင်မှု ယနေ့စိစစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သူ ဦးစံဝေခေါင်လွမ်းကို ဦးစခုန်းတိန့်ယိန်းက အပြန်အလှန်အနေဖြင့် ကန့်ကွက်လွှာတင်သွင်းမှုကို ယနေ့( ဒီဇင်ဘာ ၂၈) တွင် စိစစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့ဝင် ဦးမောင်မောင်ကြည်က ပြောကြားသည်။

“မနက်ဖြန်မှာ စစ်မယ်၊ NLD ကိုယ်စားလှယ် လောင်းက မဟုတ်ရင် မဟုတ်ကြောင်း ဖြေရှင်းချက် ပေါ့နော်၊ အဲဒီ ထုချေလွှာကို တင်ရမယ်” ဟု၎င်းကရှင်းပြသည်။

ဦးစခုန်တိန့်ယိန်းသည် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း NLD ကိုယ်စားလှယ်လောင်းများကို ၎င်း၏ မဲဆန္ဒနယ်အတွင်း မဲဆွယ်စည်းရုံးမှု တားမြစ်ခဲ့သည်ဟုဆိုကာ NLD ပါတီ မှ ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံဝေခေါင်လွမ်းက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို  ဒီဇင်ဘာလ ၂၁ ရက်နေ့ ခုံရုံးဖွဲ့ စိစစ်ချိန်တွင် ဦးစခုန်တိန့်ယိန်းက ၎င်းကို ကန့်ကွက်သူ ဦးစံဝေခေါင် လွှမ်း ကို အပြန်အလှန် အနေဖြင့် ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅) ပန်ဝါဒေသ တွင် ပါဝင်သော ချီဖွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးခြင်းမပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းများ ထံ ပြည်သူ့စစ်အဖွဲ့က စာပေးပို့တားမြစ်ခဲ့သည်။

ယင်းနောက် အဆိုပါ ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေ များနှင့် ညီညွတ်မှုမရှိကြောင်း NLD ပါတီက တိုင်ကြားမှု ကြောင့်  ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးခဲ့သည်။
သို့သော်လည်း အောက်တိုဘာလအတွင်း ယင်းဒေသသို့ မဲဆွယ်စည်းရုံးရေးထပ်မံ သွားရောက်သော NLD ကိုယ်စား လှယ်လောင်းများကို ရိုက်နှက်ခြင်း၊ ပါတီ ဗီနိုင်းများကို ဖျက်ဆီးခြင်းတို့ကို ပြည်သူ့စစ်အဖွဲ့ဝင်များက ပြုလုပ်ခဲ့ပြီး မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း ပြောဆိုခဲ့သည်ဟု NLD ပါတီ ကိုယ်စားလှယ်လောင်း များထံမှသိရ သည်။

အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၅) တွင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သော ဦးစခုန်တိန့်ယိန်း က အနိုင်ရရှိခဲ့သည်။

No comments: