Wednesday, December 30, 2015

စိတ်မကောင်းစရာဖြစ်ရပြန်ပါပြီ တိုင်းပြည်တခုလုံးဘက်ပေါင်းစုံကနေချွတ်ချုံကြနေပြီ

စိတ်မကောင်းစရာဖြစ်ရပြန်ပါပြီ
တိုင်းပြည်တခုလုံးဘက်ပေါင်းစုံကနေချွတ်ချုံကြနေပြီ
ဆိုတဲ့အရေးမှာစီးပွားရေးနဲ့အကျင့်စာရိတ္တကတော့
အမြင့်ဆုံးသောနေရာမှာရပ်တည်လို့နေပါတော့တယ်
တချို့သောပြည်သူလူထုအနေနဲ့ရိုးသားကောင်းမွန်ခဲ့တဲ့
အကျင့်စာရိတ္တကိုနှစ်အတန်ကြာရိုက်ချိုးဖျက်ဆီးတာ
ခံလိုက်ရတော့ဆင်းရဲတွင်းကလွတ်ချင်ဇောနဲ့
မတော်လောဘတွေတက်လာပါတော့တယ်
ဘယ်နေရာပဲဖြစ်ဖြစ်ကိုယ်ချင်းစာနာစိတ်
ပျောက်ပျက်သွားပြီးငါနဲ့ငါ့မိသားစုကောင်းစားရေး
အတွေးပဲဝင်လာတဲ့အခါဆင်ခြင်တုံတရားတွေ
စုံလုံးကန်းရပါတော့တယ်
ဘယ်သူဘာဖြစ်ဖြစ်သတ္တဝါတခုကံတခုလို့
ထင်မြင်တဲ့စိတ်မျိုးမရှိသင့်ပါဘူး
ကိုယ့်ကြောင့်တဖက်လူဘဝပျက်၊နစ်မွန်းသွားတယ်
ဆိုတာကတော့အဆိုးဆုံးလို့ပဲထင်ပါတယ်
အတွေးအခေါ်မရင့်ကျက်ခင်
ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့မဆုံးဖြတ်နိုင်ခင်
ဘယ်သူ့ပယောဂမှမပါပဲမတွေးတောမဆင်ခြင်မိတဲ့
သူ့လုပ်ရပ်အမှားကြောင့်သူ့ဘာသာနစ်မွန်းရတာမျိုး
တဦးဦးရဲ့အမှောင့်ပယောဂကြောင့်မတွေးတော
မဆင်ခြင်တတ်မှန်းသိနေပါရက်နဲ့လိမ်ညာလှည့်ဖြား
အယုံသွင်းလို့ကိုယ့်မတော်လောဘအတွက်
ဓားစာခံဖြစ်ပြီးနစ်မွန်းသွားရတာမျိုး
တကယ်တော့နှစ်မျိုးစလုံးမကောင်းပေမဲ့
တဦးဦးရဲ့ပယောဂပါလာရင်တော့ပိုဆိုးတတ်ပါတယ်
ပိုပြီးတော့ရင်နာစရာ၊ရင်နင့်စရာကောင်းတတ်ပါတယ်

အခုတော့ဗျာ
တကယ့်လူမမယ်အရွယ်မိန်းကလေး..ဖြူဖြူနုနုလေး
၁၅နှစ်သား  သမီးငယ်ငယ်လေး
အတွေးအခေါ်မရင့်ကျက်သေးတဲ့သမီးလေး
နာမည်က  ချမ်းမြေ့ကြယ်စင်  တဲ့
မြီးကောင်ပေါက်အရွယ်လို့ပြောရမလား
အမေကငယ်ငယ်လေးကတည်းကဆုံးပါးသွားလို့
ဖအေနဲ့အတူနေရတယ်..ဒဂုံဆိပ်ကမ်းမြို့နယ်က
အမှတ်( ၂ )အထက်တန်းကျောင်းမှာ(၇)တန်းထိ
ကျောင်းနေပြီးကာမှဖခင်ဖြစ်သူကလည်း
နောက်အိမ်ထောင်နဲ့ဖြစ်လာ၊မိသားစုအတွင်း
နွေးထွေးမှုတွေနဲပါးလာတော့မပျော်ရွှင်နိုင်ပဲ
ရန်ကုန်ကနေအမအရင်းရှိတဲ့ပြည်ကိုရောက်လာရတယ်
အောင်ဆန်းပြည်သာယာရပ်ကွက်ကိုးသောင်းရှမ်းစုမှာ
အမဖြစ်တဲ့ မနှင်းနုလွှာ မိသားစုနဲ့အတူနေရင်း
တူလေးကိုနေ့စဉ်မူကြိုကျောင်းကြိုပို့လုပ်ရတယ်..
ဗိုလ်ချုပ်လမ်းကမူကြိုကျောင်းကို
နေ့စဉ်ကြိုပို့နေတာကနေ  မနေ့ မနက်ကတော့
ကျောင်းပို့ချိန်လည်း  ဘယ်ရောက်နေမှန်းမသိ
အရပ်ထဲစုံစမ်းကြည့်တော့မှ
အနီးအနားကသီလရှင်ကိုပြောခဲ့ဘူးတဲ့အကြောင်း
အိပ်ယာပေါ်ကစာတစောင်နဲ့
မေမြို့မှာခြံစိုက်တဲ့အလုပ်လုပ်ဖို့တလနှစ်သိန်း
ပေးမယ်ဆိုလို့လိုက်သွားပါပြီဆိုတဲ့အကြောင်း
ထွက်သွားပြီးမှသိလိုက်ရပါတော့တယ်
ချမ်းမြေ့ကြယ်စင်ရဲ့အမ ခဗျာ မှာတော့
ညီမမရှိတော့မှန်းသိတာနဲ့ပြည်အမှတ်(၃)ရဲစခန်းမှာ
လူပျောက်တိုင်လို့အပူမီးတောက်ခဲ့ရပြီပေါ့

ညပိုင်း(၇)နာရီခွဲမှာအောင်မင်္ဂလာကျောင်းတိုက်က
ပဌာန်းပွဲအစည်းအဝေးရောက်နေတုန်း
ပျူမင်းသားဆီအကူအညီတောင်းလာတာနဲ့
ဘုန်းဘုန်းကိုခဏဦးတင်ကန်တော့လို့
ချက်ချင်းပဲ  မေမြို့ကလူကုန်တားအဖွဲ့ဆီ
ရန်ကုန်တိုင်းကလူကုန်တားအဖွဲ့ခေါင်းဆောင်
သူငယ်ချင်းရဲမှူးရဲဝင်းအောင်အကူအညီနဲ့
လှမ်းဆက်သွယ်ပေးခဲ့ရတယ်
ညပိုင်းမှာမေမြို့ရောက်နေပြီဖြစ်တဲ့အကြောင်း
ကားအဖြူလေးနဲ့ခေါ်သွားတာဖြစ်တဲ့အကြောင်း
ဖုန်းလှမ်းဆက်လို့အမြန်ပြန်လာဖို့ရယ်
ဘယ်သူခေါ်သွားတာလည်းဆိုတာရယ်
မေးလို့မှမဆုံးသေးပါဘူးဖုန်းအပြီးပိတ်သွားပါတော့တယ်
ဘေးကတယောက်ယောက်ရဲ့လှည့်ကွင်းသတ်ကွင်းထဲ
ဝင်ရောက်သွားသလိုခံစားလိုက်ရပါတော့တယ်
မေမြို့ကလူကုန်တားအဖွဲ့ရဲ့ခေါင်းဆောင်
ရဲအုပ်အောင်မင်းဦးကလည်း
ချက်ချင်းသတင်းဖြန့်လို့ဂိတ်တွေကနေ
စောင့်ကြည့်မယ်ဆိုတဲ့အကြောင်းပြန်လာပါတယ်
သူ့ပြောစကားအရတော့၁၅မိနစ်အတွင်းမေမြို့ရဲ့
ကျည်ကွယ်မျက်ကွယ်နေရာကိုရောက်နိုင်ပါတယ်တဲ့
အခုလိုညအမှောင်စိုးမိုးဆဲအချိန်မျိုးမှာရှာဖွေဖို့
အဆင်မပြေနိုင်အောင်တောတောင်တွေရှိနေပါတယ်တဲ့
အဲဒီလိုနေရာရောက်ပြီဆိုတာနဲ့တဖက်ကတရုပ်ပြည်
မှာနှစ်နိုင်ငံကမုဆိုးတွေကစောင့်နေကြပါပြီတဲ့
ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ
ကလေးမလေးရယ်

လမ်းမှာစက်ဘီးနဲ့တိုက်မိလို့သိခဲ့တဲ့ဒေါ်ဖူးဖူးဆိုတဲ့
မိန်းမကမက်လုံးတွေပေးပြီးသိမ်းသွင်းလှည့်ဖျားခဲ့တာကို
မစဉ်းစားမတိုင်ပင်ပဲလိုက်သွားရသလားလို့
သာအပြစ်တင်ထုရိုက်ပစ်ချင်ပါတော့တယ်
ဒီယုံမြင်လို့ဒီခြုံထွင်ဖို့ချောင်းနေတဲ့မိန်းမစားတွေ
ပြည်မှာရှိနေပြီဆိုတာမိဘရှင်တွေသိစေချင်ပါတယ်
မိဘမရှိလို့အမနဲ့နေရပြန်တော့လည်း
နေ့စဉ်ဝမ်းတထွာအရေး..ရှာရေးခက်ခက်..
ကြုံရတသက်မှာ..ညီမဆိုတာ..ပြန်မကြည့်အား
အဖြစ်များဆိုးလှချည့်ဖြစ်ရခဲ့ပြီလေ

တိုင်းပြည်ဆင်းရဲလို့ပြည်သူပြည်သားတွေဆင်းရဲတာ
အကျင့်စာရိတ္တတွေပျက်ကုန်တာ
မတော်လောဘတွေများကုန်တာ
ဘယ်သူသေသေငတေမာပြီးရော
စိတ်ဓာတ်အဆိုးတွေဖြစ်ကုန်ကြတာ
တရားဥပဒေစိုးမိုးမှုအားနည်းလာတာ
လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုယ်က
မတားဆီးမတင်းကျပ်ပဲအကျင့်ပျက်ခြစားနေတာ
ဒါတွေကြောင့်အခုလိုမှုခင်းမျိုးတွေဖြစ်လာရတာ
စိတ်ဓာတ်တွေချွတ်ချုံကျဆင်းသွားတာ
တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်ပဲဘက်ပေါင်းစုံကနေ
အခုလိုစာရိတ္တတွေချို့ယွင်းပျက်စီးသွားရတာဟာ
တကယ်တော့အောက်ခြေကစတာမဟုတ်ပါဘူး
အပေါ်ကအမြင့်ကနေအောက်ကိုဆင်းလာတာပါ
ခေါင်မိုးမလုံလို့ကြမ်းအောက်ထိရေစိုနေရတာပါ
လက်သဲဆိပ်လို့လက်ထိပ်နာနေရပေမဲ့
ပြည်သူပြည်သားအများစုကတော့
မလွန်ဆန်နိုင်တဲ့ဘဝမှာခံနေရပါသေးတယ်
မျှော်လင့်မိပါတယ်

မကြာတော့မဲ့ကာလမှာဒီလိုအဖြစ်မျိုးတွေ
ပျောက်ကင်းပါစေ
တာဝန်သိပြည်သူပြည်သားတွေကြောင့်
အဖြစ်မှန်တွေအမြန်ဖော်ထုတ်နိုင်ရပါစေ
အဂတိတရားကင်းရှင်းစွာဆောင်ရွက်နိုင်ကြပါစေ
အခုလိုအဖြစ်ဆိုးမျိုးထပ်မံမကြားရပါစေနဲ့လို့သာ
ဆုတောင်းမေတ္တာပေးဝေရင်း
သမီးငယ်လေးချမ်းမြေ့ကြယ်စင်လို
အဖြစ်မျိုးမရောက်ရှိကြရအောင်
ကျန်တဲ့သမီးငယ်တွေကို
အသိပေးလိုက်ကြပါဦးလို့နော်

ပျူမင်း သား
၂၉.၁၂.၁၅

No comments: